နာဂလူငယ်တွေကိုပစ်မှတ်ထား ဖမ်းဆီးနေတဲ့အပေါ် ရှုတ်ချကြောင်း NSO ထုတ်ပြန်

နာဂလူငယ်တွေကိုပစ်မှတ်ထား ဖမ်းဆီးနေတဲ့အပေါ် ရှုတ်ချကြောင်း NSO ထုတ်ပြန်
photo credit - CJ
photo credit - CJ

စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာ စစ်ကောင်စီတပ် ခရီးသွားလာတဲ့ နာဂလူငယ်တွေကို ပစ်မှတ်ထားပြီး စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးနေတဲ့အပေါ် ရှုတ်ချကြောင်း NSO က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ နာဂဒေသထဲက ခန္တီး – လဟယ်လမ်းပိုင်းနဲ့ လေရှီး–ဆင်သေ၊ ထမံသီလမ်းပိုင်းမှာ နာဂလူငယ်တွေနဲ့ အသက်မပြည့်သေးတဲ့ လူငယ်တွေကို ဖမ်းဆီးနေကြောင်း (NSO)က ဆိုထားပါတယ်။

အာဏာသိမ်းစစ်တပ်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်မှုထမ်းဥပဒေအသက်သွင်းလိုက်ပြီးနောက် နာဂဒေသရှိ လူငယ်တွေကို ရပ်ရွာထဲအထိ အတင်းအဓမ္မဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တဲ့အပြင် ဒီနောက်ပိုင်း ခရီးသွားလာနေတဲ့ လူငယ်တွေကိုပါ ပစ်မှတ်ထားဖမ်းဆီးတာ၊ အသက်မပြည့်သေးတဲ့ လူငယ်တွေကို ဖမ်းဆီးတာတွေ ခပ်စိပ်စိပ် လုပ်ဆောင်နေတယ်လို့လည်း NSO အဖွဲ့တာဝန်ရှိသူတစ်ဦး KNG ကို ပြောပါတယ်။

“အစကတော့ ခန္တီးမြို့ထဲအထိ ဝင်ဖမ်းတယ်။ အရပ်ဝတ်တွေနဲ့ ဖမ်းတယ်။ ဒီနောက်ပိုင်း လူငယ်တွေက အိမ်ထဲမှာ မလုံခြုံတော့ တခြားနေရာကို ရှောင်ကြ၊ လူမရတော့တဲ့အခါ သူတို့က ခရီးသွားတဲ့ လူငယ်တွေ၊ ကားနောက်လိုက်တဲ့လူတွေကို ဖမ်းတာတွေလုပ်‌နေတယ်။ အများကြီး အဖမ်းခံလိုက်ရတယ်။ ခန့်မှန်းခြေ ၁၀၀ လောက်တော့ ရှိပြီ၊ ဖမ်းထားတာ။”လို့ NSO အဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ၂၀၂၄ နှစ်ကုန်ပိုင်းအထိ ခန္တီး၊လဟယ်မြို့ပေါ်တွေမှာ အိမ်စီးကားသုံးပြီး အရပ်ဝတ်တွေနဲ့ လူငယ်တွေကို ဖမ်းဆီးမှုတွေ လုပ်ခဲ့တဲ့အတွက် လူငယ်အများစု တိမ်းရှောင်တာတွေ များလာတာ‌ကြောင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းကနေတော့ ခရီးသွားတဲ့ လူငယ်တွေကို ပစ်မှတ်ထားလာတာလို့ သိရပါတယ်။

“ဒီနောက်ပိုင်းတော့ သူတို့လည်းစစ်ကြောင်းထိုးပြီး ခန္တီး–လဟယ်လမ်းပိုင်းတို့ ဆင်သေ–လေရှီး ထမံသီ လမ်းပိုင်းတို့မှာ ခရီးသွားတဲ့ လူငယ်တွေကို စောင့်ပြီး ဖမ်းတာ အခုအထိ မိဘတွေနဲ့ အဆက်အသွယ်မရသေးတဲ့ လူငယ်တွေ ရာဂဏန်းလောက်ရှိတယ်။ သူတို့ ဖမ်းသွားလို့”ဟု အထက်ဖော်ပြပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

NSO ရဲ့ပြောပြချက်အရ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကနေ ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း စစ်ကောင်စီတပ် ဖမ်းဆီးခံရတဲ့ နာဂလူငယ် တစ်ရာနီးပါးအထိရှိပြီး မိဘတွေနဲ့ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်အနေနဲ့ အခုလိုခရီးသွားလူငယ်တွေကို ပစ်မှတ်ထားဖမ်းဆီးနေတဲ့အတွက် နာဂလူငယ်တွေ ကျန်းမာရေး၊ ပညာရေးနဲ့ စီးပွားရေး စတဲ့ကဏဏ္ဍာစုံမှာ ထိခိုက်နစ်နာမှုတွေ များစွာ ရှိလာနေတယ်လို့ လဟယ်မြို့ခံလူငယ်တစ်ဦးက KNG ကို ပြောပါတယ်။

“လမ်းမှာ တားပြီး ဖမ်းတော့ သွားလာရခက်ခဲသွားတာပေါ့။ ၈ လပိုင်းမှာ အဝေးသင် အပ်ရမှာ ဘယ်သူမှ ကျောင်းသွားမအပ်ဖြစ်ကြဘူး။ ပြီးတော့ ဒီဘက်မှာက မိဘတွေ ဗမာစကားမပြောတတ်ကြတာ များတယ်။ မိဘတွေ ဖျားနာလို့ နည်းနည်း သိတတ်တဲ့ ကျနော်တို့ လူငယ်တွေက မြို့ပေါ် ဆေးရုံကို ခေါ်သွားရအောင်လည်း ဖမ်းတယ်ဆိုတော့ ဆေးသွားမကုနိုင်တဲ့ မိဘတွေလည်း အများကြီးရှိတယ်”လ ို့ အသက် ၃၀ ကျော်အရွယ် လူငယ်တစ်ဦးက ပြောပါတယ်။

ခန္တီး၊ လဟယ်နဲ့ လေရှီးဒေသတွေမှာတော့ စစ်ကောင်စီတပ်နဲ့ နားလည်မှုယူထားတဲ့ နာဂလက်နက်ကိုင်အဖွဲ့

NSCN-K(ဗိုလ်ချုပ်အန်းမိုင်း) အဖွဲ့က စိုးမိုးထားတာဖြစ်ပြီး ယင်းအဖွဲ့က စစ်ကောင်စီအနေနဲ့ နာဂဒေသမှာ လူငယ်တွေကို မတရားဖမ်းဆီးတာမျိုးမလုပ်ဖို့ NSO ကသတိပေးထုတ်ပြန်တာမျိုးရှိခဲ့ပါတယ်။

လေရှီးမြို့ပေါ်မှာပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းက စစ်ကောင်စီပြဌာန်းလိုက်တဲ့ ပြည်သူ့ စစ်မှုထမ်း ဥပဒေကို ကြိုဆိုကြောင်းကို ပြည်သူ့တစ်ချို့က ထောက်ခံပွဲတွေ ပြုလုပ်ခဲ့တာရှိပါတယ်။

နာဂ ကျောင်းသားများအဖွဲ့အစည်း (NSO) စစ်ကိုင်းတိုင်း လဟယ်မြို့မှာ အခြေစိုက်ထားပြီး လက်ရှိ နာဂကျောင်းသားအရေးနဲ့ လူငယ်များအရေး တက်ကြွလှုပ်ရှားနေတဲ့အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...