ကနီမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် လူသေဆုံးမှုရှိ၊ ဒေသခံထောင်ချီ စစ်ရှောင်

ကနီမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် လူသေဆုံးမှုရှိ၊ ဒေသခံထောင်ချီ စစ်ရှောင်
Photo - CJ
Photo - CJ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တောင်ခြမ်းရှိ သမင်ခြံကျေးရွာကို စစ်ကော်မရှင်တပ်ဖွဲ့က ဂျက်ဖိုက်တာလေယာဉ်ဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၁၈ နှစ်အရွယ် အမျိုးသားတဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ (စက်တင်ဘာ ၃) မွန်းလွဲ ၁ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ပြီး၊ ဗုံးများသည် ရွာတောင်ပိုင်းရှိ နေအိမ်များအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတဦးက မဇ္ဈိမသို့ ပြောသည်။

“ဂျက်ဖိုက်တာလေယာဉ်က ရွာကို ပတ်ပျံသန်းပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်။ ဗုံးကျင်းထဲကနေ လေယာဉ်ကို ကြည့်ဖို့ ခေါင်းထောင်လိုက်တဲ့ လူငယ်တဦးဟာ ရော့ကဒ်ထိပြီး သေဆုံးသွားခဲ့တယ်။ လေယာဉ်က ရှစ်ကြိမ်ခန့် ပစ်ခတ်ခဲ့တယ်” ဟု ဒေသခံသတင်းရင်းမြစ်တဦးက ပြောသည်။

စစ်ကော်မရှင်တပ်သည် ယင်းမာပင်-ကနီလမ်းပိုင်းတွင် မြေပြင်စစ်ကြောင်းထိုးနေပြီး၊ အဆင့်မြင့် ဒရုန်း နည်းပညာများကို အသုံးပြု၍ ထောက်လှမ်းမှုများပြုလုပ်ကာ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်နေသည်။ ယင်းကြောင့် ဒေသခံပြည်သူ ၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရသည်ဟု သိရသည်။

“ကနီမြို့ပေါ်ကနေ ဒရုန်းလွှတ်ပြီး ကင်းထောက်တယ်။ ဒရုန်းပြန်လာပြီဆိုရင် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ တိုက်ခိုက်တာမျိုး စီစဉ်တကျ လုပ်ဆောင်နေတယ်” ဟု ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ အင်အား ၃၀၀ ခန့်ဖြင့် ထွက်ခွာလာသည့် စစ်အုပ်စုတပ်သည် ဘန့်ဘွေး တပ်စခန်းမှတဆင့် တလျော်ကျင်းကျေးရွာသို့ ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ကနီမြို့နယ်အတွင်းသို့ ဆက်လက်စစ်ကြောင်းထိုးနေသည်ဟု သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်နေ့ကလည်း သမင်ခြံကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့၍ အမျိုးသမီးတဦး သေဆုံးခဲ့သည်။

စစ်ကော်မရှင်တပ်၏ ကနီ-ယင်းမာပင်လမ်းပိုင်း စစ်ကြောင်းထိုးမှုကြောင့် ချောင်းမ၊ တလျော်ကျင်း၊ သင့်ဝင်၊ သမင်ခြံ၊ လင်ပုန်းရည်၊ တွင်း၊ လယ်ရှည်ကျေးရွာများမှ ဒေသခံပြည်သူ ၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာ စစ်ရှောင်နေရသည်။

June 17, 2026
စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်သည် ဇွန်လ ၁၆ ရက်က ပေကျင်း၌ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်...
စစ်အုပ်စုတပ်၏မီးရှို့ဖျက်ဆီးမှုကြောင့် ပြာကျသွားသည့် မြစ်ခြေမြို့နယ်အတွင်းရှိနေအိမ် တလုံးကို တွေ့ရစဉ် (ပုံအဟောင်း)⁩
June 16, 2026
မကွေးတိုင်း ပခုက္ကူခရိုင် မြစ်ခြေမြို့တွင် စစ်အုပ်စုတပ်က ရိက္ခာပြန်ယူသည့် ဒေသခံ နှစ်ဦးနှင့်...
June 15, 2026
စစ်အုပ်စု စစ်ကြောင်းထိုးနေသည့်အတွက် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့နှင့် အနီးတဝိုက်မှ...
June 13, 2026
ကျားဖြန့်လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လျက်ရှိသည့် ထိုင်း-မြန်မာနယ်စပ်၊ မြဝတီခရိုင်၊...