မိုင်းနောင်နဲ့ မမုံကိုင်ကြားမှာ တိုက် ပွဲပြင်းထန်နေ

မိုင်းနောင်နဲ့ မမုံကိုင်ကြားမှာ တိုက် ပွဲပြင်းထန်နေ
Photo - KIA
Photo - KIA

ကချင်ပြည်နယ် မိုးညှင်းခရိုင် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာနဲ့ မမုံကိုင်ကျေးရွာကြားမှာ KIA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်၊ ရှမ်းနီပြည်သူ့စစ်တပ်ပူးပေါင်းတပ်ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရပါတယ်။

KIA နဲ့ မဟာမိတ်တပ်တွေ ထိန်းချုပ်ထားတဲ့ မမုံကိုင်ကျေးရွာဘက်ကို စစ်ကောင်စီနဲ့ရှမ်းနီပြည်သူ့စစ်တပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် စက်တင်ဘာ ၁ ရက်နေ့ကစပြီး တိုက်ပွဲပြင်းထန်နေတာလို့ မိုင်းနောင်ကျေးရွာနေ အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

“မမုံကိုင်က ဒီ KIA ကထိန်းချုပ်ထားတာလေ ရှမ်းနီဘက်က မိုင်းနောင်ကနေတက်လာတာ အခုဖြစ်နေတာက မိုင်းနောင်နဲ့မမုံကိုင်ကြားရွှေတူးတဲ့နေရာမှာဖြစ်နေတာ ပြီးခဲ့တဲ့နှစ်ရက်၊သုံးရက်နေ့ကလည်းဖြစ်တယ် မနေ့ကလည်း ဖြစ်တယ်။ ဒီနေ့ကောထပ်ဖြစ်နေတယ် မိုင်းနောင်ထဲတောင်ဝင်လို့မရဘူး”လို့ အသက် ၄၀ ကျော်အရွယ် အထက်ဖော်ပြပါ အမျိုးသားက ပြောပါတယ်။

လက်ရှိ KIA ပူးပေါင်းတပ်တွေက မမုံကိုင်ဘက်ခြမ်းမှာနေရာယူထားပြီး စစ်ကောင်စီတပ်နဲ့ ရှမ်းနီ ပြည်သူ့စစ်တွေက မိုင်းနောင်ကျေးရွာဘက်က နေရာယူထားတဲ့အတွက် အဲ့ဒီကျေးရွာ နှစ်ရွာကြားက တောစပ်မှာ ထိတွေ့တိုက်ပွဲဖြစ်နေသလို လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဒါကြောင့် လက်ရှိမိုင်းနောင်နဲ့ မမုံကိုင်ကျေးရွာနေပြည်သူတွေဟာ စက်တင်ဘာ ၁ ရက်နေ့ကစ ပြန်ပြီး ထွက်ပြေး တိမ်းရှောင်သူတွေရှိနေတယ်လို့‌ နောက်ထပ် မိုင်းနောင်ကျေးရွာနေအမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။

“မမုံကိုင်လည်းထွက်ပြေးနေရတာပဲရွာထဲလူတောင်သိပ်မနေတော့ဘူး။ ကျနော်တို့ မိုင်းနောင်ကတော့ SNA တွေနဲ့ တိုးတာနဲ့ ဖမ်းခံရတာ။ ဟိုနေ့က အိမ်ခနပြန်တာ လမ်းမှာတွေ့လို့ ဖမ်းခံလိုက်ရသေးတယ်။ လက်နောက်ပြန် ကြိုးတုတ်ပြီးကို စစ်မေးတာ ရွာထဲဆိုတိတ်ဆိတ်နေတာ”လို့ သူက ဆက်ပြောပါတယ်။

မိုင်းနောင်၊ မမုံကိုင်ကျေးရွာအပါအဝင် အနီးဝန်းကျင်က ရွာပေါင်း ၅ ရွာက ပြည်သူတွေဟာ ဟိုပင်၊ မိုးညှင်းဘက်ကို တိမ်းရှောင်နေရကြောင်းသိရပါတယ်။

စစ်ကောင်စီတပ်ဟာ အင်းတော်ကြီးဒေသကိုထိန်းချုပ်ဖို့အတွက် ဒီနှစ် မေလကတည်းကနေ စစ်အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့်လက်ရှိအချိန်အထိအင်းတော်ကြီးနေရာအများပိုင်းမှာ နှစ်ဖက် တိုက်ပွဲတွေပြင်းထန်နေဆဲ ဖြစ်ပါတယ်။

အင်းတော်ကြီးဒေသထဲက ဝှေလုံ၊ ချောင်းဝ ၊ ညောင်ပင်ကျေးရွာတွေထဲက စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ်မေလမှာ သိမ်းပိုက်လိုက်ပြီးနောက် ရှမ်းနီပြည်သူ့စစ်တွေဟာ မိုးညှင်းမြို့ကနေဝင်ရောက်လာပြီး ၂၀၂၄ ခုနှစ် ဇွန်လ တတိယပတ်ကတည်းကနေ အင်းတော်ကြီးဒေသထဲမှာ စတင်အခြေချလာတာဖြစ်ပါတယ်။

အင်းတော်ကြီးဒေသဟာ ကမ္ဘာကျော်ကျောက်စိမ်းများထွက် ရှိလာ ဖားကန့်ဒေသထဲကို ဝင်ရောက်နိုင်တဲ့ မိုးညှင်း–ဂွေခါ ကားလမ်းပိုင်းမှာတည်ရှိပြီး ဖားကန့်ဒေသအတွက် စစ်ရေးအရအရေးပါတဲ့ လမ်းပိုင်းမှာ တည်ရှိနေတာကြောင့် စစ်ကောင်စီတပ်နဲ့ SNA ပူးပေါင်းတပ်တွေဟာ အင်းတော်ကြီးဒေသကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

February 10, 2026
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်း အင်းတော်ကြီးဒေသရှိ လမ်းပိုင်းတစ်ချို့ကို...
February 9, 2026
ကချင်ပြည်နယ်ထဲက ဗန်းမော်အပါအဝင် ဝိုင်းမော်၊ ဖားကန့်နဲ့ အင်းတော်ကြီးဒေသစတဲ့မြို့နယ် ၄ခုမှာ...
February 6, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လျှပ်စစ်မီး ရရှိမှု တစ်ရက်ထက်တစ်ရက် ပိုလျော့နည်းလာတယ်လို့...
Photo-မြစ်ကြီးနား၊ ပူတာအိုကားလမ်းပိုင်း
February 5, 2026
ကချင်ပြည်နယ် မြစ်ကြီးနား– ပူတာအိုကားလမ်းပိုင်းမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ဂိတ်တွေမှာ ကုန်ကားကြီး...