လေကြောင်းအန္တရာယ်ကြောင့် ရခိုင်ဒေသခံအချို့ အိန္ဒိယသို့ ပြောင်းရွှေ့နေထိုင်

လေကြောင်းအန္တရာယ်ကြောင့် ရခိုင်ဒေသခံအချို့ အိန္ဒိယသို့ ပြောင်းရွှေ့နေထိုင်

စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကြောင့် ရခိုင်ပြည် ကျောက်တော်၊ မြောက်ဦးမြို့နယ်တို့မှ ဒေသခံအချို့မှာ နေရပ်ကို စွန့်ခွာပြီး အိန္ဒိယနိုင်ငံဘက်သို့ ပြောင်းရွှေ့နေထိုင်လာကြသူများ ရှိလာနေသည်။

အာရက္ခတပ်တော်ထိန်းချုပ်ရာ ရခိုင်က မြို့နယ်များကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲမှုများ မကြာခဏ ရှိနေသဖြင့် ဒေသခံများ ထိခိုက်ဒဏ်ရာရ သေဆုံးမှု မြင့်တက်လျက်ရှိနေသည်။

ယင်းကြောင့် ရခိုင်ပြည်ထဲ မနေရဲကြသူအချို့မှာ အိန္ဒိယနိုင်ငံဘက်သို့ ပြောင်းရွှေ့ကာ အခြေချ နေထိုင်လာခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီမှာနေရင် လေယာဉ်အန္တရာယ်က ဘယ်လိုမှ စိတ်မချရဘူး။ တစ်နေ့ မဟုတ်တစ်နေ့ လေကြောင်း အန္တရာယ်ကို ကြုံရမှာ။ အခုလို ပြောင်းတာက ကလေးတွေ ပညာရေးအတွက်လည်း ပါတယ်" ဟု အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ပြောင်းရွှေ့သွားသူ ကျောက်တော်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီက အရပ်သားနေထိုင်သည့် မြို့၊ ရွာများကို ပစ်မှတ်ထားကာ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းအား အချိန်မရွေးပြုလုပ်မှုများကြောင့် ယခုကဲ့သို့ ပြောင်းရွှေ့သွားကြခြင်း ဖြစ်သည်။

ရခိုင်ဒေသခံအချို့မှာ ယခုနှစ် အစောပိုင်းမှစတင်ကာ ပြောင်းရွှေ့နေထိုင်ကြခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ်ထဲတွင် နေထိုင်ကာ လုပ်ကိုင်စားသောက်နေကြခြင်းဖြစ်သည်။ သို့သော်လည်း ရွှေ့ပြောင်းခဲ့သူ အရေအတွက်ကို အတိကျ မသိနိုင်ကြောင်း ပြောဆိုကြသည်။

“အိမ်တွေကိုတော့ မရောင်းဘဲ ဒီအတိုင်း ပိတ်ပြီး ထားခဲ့လိုက်တယ်။ ဒီဘက်ကို တစ်မိသားစုလုံး ပြောင်းလာကြတာ။ ကလေးတွေ ကျောင်းတက်ရတာလည်း အဆင်ပြေတာပေါ့။ ပြီးတော့ လုပ်စားကိုင်စားလည်း အဆင်ပြေတယ်" ဟု နောက်ထပ် ကျောက်တော်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြောင်းရွှေ့နေထိုင်သူများမှာ မီဇိုရမ်ပြည်နယ်တွင် ငွေလွှဲငွေထုတ်လုပ်ငန်း၊ လူသုံးကုန်ပစ္စည်းများ ရောင်းချခြင်းနှင့် ဆေးဆိုင်၊ ကုန်စုံဆိုင် ဖွင့်လှစ်ရောင်းချခြင်း စသည့် လုပ်ငန်းများဖြင့် လုပ်ကိုင်စားသောက်လျက် ရှိကြကြောင်း သိရသည်။

ရခိုင်မြို့သိမ်းတိုက်ပွဲစတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ စစ်ကောင်စီက ရခိုင်ကို ကုန်းလမ်း၊ ရေလမ်းခရီးအား ပိတ်ဆို့ထားသည်။ ထို့အတူ ရခိုင်ဒေသခံများမှာ ကျန်းမာရေး၊ ပညာရေးအတွက် အာမခံချက် မရှိဖြစ်နေကြ၍ နေရပ်အား စွန့်ခွာမှုများ ရှိလာနေခြင်း ဖြစ်သည်။

ယင်းအပြင် အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုကြောင့် ရခိုင်လူငယ်များမှာ ပြည်မဘက်သို့ ပြောင်းရွှေ့ နေထိုင်မှုများလည်း ရှိနေသည်။

“ရခိုင်မှာ လောလောဆယ် လူငယ်တွေအတွက် အလုပ်အကိုင်ရော ပညာရေးကဏ္ဍမှာရော အာမခံချက် မရှိဘူး။ ဒါကြောင့် ဒေသခံတွေက နေရပ်စွန့်ခွာမှုတွေ ရှိနေတာ” ဟု ရခိုင်လူငယ် အမျိုးသားတစ်ဦးက ပြောသည်။

ရခိုင်တွင် မြို့နယ် ၁၄ ခုကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးကဏ္ဍများအား လုပ်ဆောင်လျက်ရှိသည်။

အာရက္ခတပ်တော်က စစ်ရေးနှင့် အုပ်ချုပ်ရေးယန္တရားကို တပြိုင်နက်တည်း ဆောင်ရွက်နေချိန် ဒေသခံများ ပြောင်းရွှေ့နေထိုင်သွားကြ၍ ဒေသတွင်း လူ့အရင်းအမြစ် လျော့နည်းသွားမည်ဟု ရခိုင်ဒေသခံအချို့က ရှုမြင်သည်။

“လေကြောင်းအန္တရာယ်ကြောင့် လုံခြုံရေးအာမခံချက်မရှိတော့ လုပ်ကိုင်စားသောက်ရတာ အဆင်ပြေဖို့ ရေကြည်ရာ မြက်နုရာ ရှာကြတဲ့သဘောပေါ့။ တစ်ဘက်မှာလည်း ဒီလို ပြောင်းရွှေ့သူများလာတာနဲ့အမျှ ရခိုင်မှာ လူ့အရင်းအမြစ် ပိုပြီး နည်းလာမယ်လို့ မြင်တယ်” ဟု ပြည်မဘက်သို့ ရောက်နေသည့် ရခိုင်လူငယ် အမျိုးသားတစ်ဦးက ပြောသည်။

အခြားတစ်ဖက်တွင်လည်း လက်ရှိ ရခိုင်ပြည်သည် စီးပွားရေး၊ လူမှုရေး၊ ဆက်သွယ်ရေး စသည့် ကဏ္ဍများနှင့် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဆုံးရှုံးနေကြရသည်။

လက်ရှိ စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကြောင့် ရခိုင်ဒေသခံများမှာ ထိခိုက်သေဆုံးမှု မြင့်တက်နေသည့်အပြင် လမ်းခရီးပိတ်ဆို့ခံထားရမှုကြောင့်လည်း အချို့ဒေသများတွင် ဆေးဝါးလက်လှမ်း မမီ၍ အသက်သေဆုံးမှုအထိ ရှိနေကြသည်။

Most read this week

Photo credit - Women Generation
December 4, 2025
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုများကို  ဒေသတွင်း...
December 3, 2025
လက်ရှိ စပါးပေါ်ရာသီ၌ ရခိုင်ပြည်အတွင်း စပါးဈေးကွက် မရှိသည့်အပြင် စပါးကုန်သည်များ၏ အခြင်အတွယ်...
December 2, 2025
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၇၀၀...
December 1, 2025
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခနောက်ဆက်တွဲ ဆိုးကျိုးအဖြစ် မိုင်းထိခံရသူ မိသားစုဝင် ၈၀...