မေတ္တာမြို့ရှိ ဗျူဟာစခန်းမစွန့်လွှတ်ရရေး စစ်ကူတက်လာသည့်စစ်အုပ်စု တိုက်ခိုက်ခံရ

မေတ္တာမြို့ရှိ ဗျူဟာစခန်းမစွန့်လွှတ်ရရေး စစ်ကူတက်လာသည့်စစ်အုပ်စု တိုက်ခိုက်ခံရ
Photo - တော်လှန်ရေးတပ်ဖွဲ့
Photo - တော်လှန်ရေးတပ်ဖွဲ့

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသရှိ မေတ္တာဗျူဟာစခန်း မစွန့်လွှတ်ရရေးအတွက် စစ်အုပ်စုတပ်က ပေးပို့ထားသည့် စစ်ကူများ ယနေ့ (သြဂုတ်လ ၂၁ ရက်) အထိ ရှေ့ဆက်မတိုးနိုင်ဘဲ တိုက်ခိုက်ခံနေရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) က ပြောသည်။

မေတ္တာဗျူဟာစခန်းသည် မေတ္တာမြို့၊ ထားဝယ်- ထီးခီးနယ်စပ်လမ်းကြောင်းပေါ်တွင် တည်ရှိသည်။ ၎င်းနှင့် အ လှမ်းမကမ်းတွင်လည်း ကျောက်မဲတောင်စခန်းလည်း တည်ရှိပြီး တော်လှန်ရေးအင်အားစုများက ပိတ်ဆို့ထားမှုကြောင့် စစ်အုပ်စုက အဆိုပါ တပ်စခန်းများ မစွန့်လွှတ်ရရေးအတွက် ထားဝယ်မြို့ဘက်မှတဆင့် မေတ္တာမြို့ဘက်သို့ ထားဝယ်- ထီးခီးလမ်း ကြောင်းအတိုင်း လူအင်အား၊ လက်နက်၊ ခဲယမ်းနှင့် ရိက္ခာများကို ပေးပို့ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

“သူတို့ အဲ့ဒီရည်ရွယ်ချက်နဲ့ပဲ သူတို့ ကျောက်မဲတောင်နဲ့ မေတ္တာကို ရိက္ခာ၊ အင်အား၊ လက်နက်ခဲယမ်း ဖြည့်ဆည်းဖို့ လာတာပေါ့။ ဒီမှာလည်း အင်အားထပ်ဖြည့်ပေးဖို့နဲ့ ဒီနယ်မြေထဲက တခြားနေရာတွေကို စစ်ကြောင်းထပ်ထိုးဖို့ ရည်ရွယ်ချက် ရှိ၊ မရှိတော့ မပြောနိုင်သေးဘူး” ဟု KNU တပ်မဟာ (၄) ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နာက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၈ ရက်က ကား ၁၀ စီးဖြင့် တက်လာသည့် စစ်ကူစစ်ကြောင်းမှာ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တွင် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် ၂၀ ကျော် ထိခိုက်သေဆုံးပြီး သုံးဦးကို အရှင်ဖမ်းမိခဲ့ကြောင်း၊ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့ပြင် စစ်အုပ်စုသုံးလာသည့် စစ်ကား ရှစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် ယမန်နေ့ (သြဂုတ်လ ၂၀ ရက်)တွင် စစ်အုပ်စုတပ်က ထားဝယ်မြို့ဘက်မှတဆင့် စစ်ကူအင်အားများ ထပ်မံပို့ ဆောင်ထားကြောင်း သိရသည်။ သို့သော်လည်း လက်ရှိအထိ စစ်အုပ်စုတပ်၏ စစ်ကူစစ်ကြောင်းများမှာ ထားဝယ်မြို့နယ်အပိုင် သင်္ကန်းတုန်းကျေးရွာအနီး၌ပင် တိုက်ခိုက်ခံနေရပြီး ရှေ့ဆက်မတိုးနိုင်သေးကြောင်း သိရသည်။

“အဓိကက မေတ္တာမြို့နဲ့ ဟိန္ဒားမိုင်းကို ကာဖို့တက်တာပါ။ မေတ္တာမြို့က အခုချိန်အထိ ဝိုင်းပိတ်ထားတဲ့ အနေ အထားပေါ့၊ ရိက္ခာ ခဲယမ်း ပြတ်လပ်မှုရှိနေတဲ့ သဘောပါ။ နောက်တက်လာတဲ့ စစ်ကြောင်းနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပါ မနက်မိုး လင်းကတည်းက” ဟု ဓဝယ်တပ်တော်မှ တာဝန်ရှိသူတဦးက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (KNLA) ပူးပေါင်းတပ်များက ထားဝယ်- ထီးခီးနယ်စပ်လမ်းကြောင်းပေါ်ရှိ ထီးခီး၊ ထီးထ စသည့်ဗျူဟာစခန်းများနှင့် ဗောဓိတပ်စခန်း၊ ငါးရံ့နီစခန်း၊ သုခစခန်း စသည့် စစ်အုပ်စု၏ နယ်စပ်စခန်းများအား ၂၀၂၅ ခုနှစ်အစောပိုင်းကစပြီး တခုပြီးတခု တိုက်ခိုက်သိမ်းပိုက်ထားခြင်းဖြစ်သည်။

December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...
December 3, 2025
အာဏာသိမ်း စစ်ကော်မရှင်တပ်နှင့် မြန်မာတော်လှန်‌ရေးအင်အားစုများကို အင်ဒိုနီးရှားက...
December 2, 2025
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ နတ်မှော်ဦးကျေးရွာကို ကော်မရှင်တပ်ဖွဲ့က...
December 1, 2025
မကွေးတိုင်း၊ ရေစကြိုမြို့ နယ် တောင်ခြမ်း၊ ရွာသစ်ကျေးရွာအနီးရှိ ကင်းစခန်း တခုတွင်...