မိုးကုတ်မြို့မှာ လေကြောင်းတိုက်ခိုက်မှု နေ့စဉ်ဖြစ်ပွားလာခြင်းကြောင့် ဒေသခံအများစု တိမ်းရှောင်လာ

မိုးကုတ်မြို့မှာ လေကြောင်းတိုက်ခိုက်မှု နေ့စဉ်ဖြစ်ပွားလာခြင်းကြောင့် ဒေသခံအများစု တိမ်းရှောင်လာ
Photo - CJ
Photo - CJ

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ နေ့စဉ်နီးပါး ပြုလုပ်လာတဲ့အတွက် ဒေသခံအများစုဟာ အခုရက်ပိုင်းမှာ တိမ်းရှောင်မှုတွေ များပြားလာနေတယ်လို့ စုံစမ်းသိရှိရပါတယ်။ 

မိုးကုတ်မြို့ကို ဩဂုတ်လ ၁၅ ရက်နေ့ကစလို့ ၁၉ ရက်နေ့အထိ နေ့စဉ် ကင်းထောက်လေယာဉ် ပျံဝဲနေတာနဲ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ 

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ ကျော်သေဆုံးထားပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးထက်မနည်း ရှိနေတာလည်း ဖြစ်ပါတယ်။ 

“မသွားလို့မရတော့ဘူး။ လမ်းမပိတ်ခင် ထွက်မှ မနှစ်ကလိုဖြစ်ရင် ဒုက္ခတော်တော်ရောက်တယ်။ အခြေအနေတွေက ဘာမှပြောလို့မရတော့ဘူး။ လေယာဉ်က နေ့တိုင်းလာချနေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

လက်ရှိမှာ မိုးကုတ်မြို့ကနေ မန္တလေးနဲ့ ရှမ်းပြည်တောင်ပိုင်းဒေသဘက်ကို အဓိက စစ်ဘေးတိမ်းရှောင်ကြတယ်လို့ သိရပါတယ်။ 

မိုးကုတ်မှ မန္တလေးသို့ စစ်ဘေးတိမ်းရှောင်သူတွေဟာလည်း လမ်းခရီးစရိတ်ကြီးမြင့်မှုနဲ့ ကြုံနေရပြီး ခရီးသည်တစ်ဦးကို ကျပ် ၅ သိန်းပေးရတယ်လို့ စစ်ဘေးတိမ်းရှောင်လာသူတွေထံကနေ သိရပါတယ်။ 

“ကားတွေက ခရီးသည်တွေကိုပဲ အဓိကတင်တော့တယ်။ သွားမယ့်သူတွေကများတော့ ကားတွေက မလောက်ငှဘူး။ ကားသမားတွေကလည်း ဒီနေ့ဆင်း မနက်ဖြန်ပြန်တက် လာကြို အဲ့လိုပဲ လုပ်နေကြရတာ။ အဓိကတော့ မန္တလေးနဲ့ တောင်ကြီးဘက်ကို သွားရှောင်ကြတယ်။ စျေးတွေကတော့ ကြီးတာပေါ့။ တစ်ယောက်ကို ၅ သိန်း ၆ သိန်း အဲ့ကနေ စရှိတယ်” လို့ စစ်မရှောင်ဘဲ ကျန်ရှိနေတဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ 

ဒါ့အပြင် စစ်ဘေးတိမ်းရှောင်ရာမှာလည်း လမ်းပိုင်းစစ်ဆေးမှု၊ လမ်းပိတ်ဆို့မှုတွေကြောင့် ကြန့်ကြာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ 

မိုးကုတ်မြို့ပေါ်မှာ နေထိုင်သူ တစ်သိန်းနီးပါးရှိပြီး လက်ရှိမှာတော့ ကလေးသူငယ်၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေက အဓိကထား စစ်ဘေးတိမ်းရှောင်နေကြရတာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။ 

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...