သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် နောင်ချိုစစ်ဘေးရှောင် (၄၀) နီးပါး သေဆုံး ဒဏ်ရာရခဲ့ကြောင်း စုံစမ်းသိရသည်။
ယနေ့ (ဩဂုတ်လ ၂၀ ရက်) နံနက်ပိုင်း ၁၁ နာရီခန့်တွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့ မြေပြင် ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း ပင်တီးကျေးရွာ မဇ္ဈိမာရာမ အလယ်ကျောင်း လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးတစ်လုံး တိုက်ခိုက်ခံရခြင်းကြောင့် နောင်ချိုစစ်ဘေးရှောင် (၄၀) ကျော် သေဆုံးဒဏ်ရာရခဲ့ကြောင်း ဒေသခံများက ပြောသည်။
“လေကြောင်းကနေလည်း ဗုံးကြဲတယ်၊ နောင်ချိုဘက်ကနေလည်း အတွဲလိုက်ဒုံးနဲ့ ရွာထဲ ပစ်လာတယ်။ အခုက အလယ်ကျောင်းမှာ ထိတဲ့လူလည်း အများကြီး သေတဲ့လူလည်း အများကြီးပဲ၊ အဲ့မှာ စစ်ဘေးရှောင်တွေကလည်း မပြေးဘဲနဲ့ နေနေကြတာ။ ခြေထောက်ပြတ်တဲ့လူနဲ့ သေတဲ့လူကလည်း တချို့ အစအနတောင် ရှာမရဘူး။ သေတာက ၂၀ ကျော်နဲ့ ဒဏ်ရာရတာက ၂၀ ကျော်လို့ ပြောကြတယ်”ဟု နောင်ပိန်ရောက် စစ်ဘေးရှောင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
တစ်ချိန်တည်းတွင် နောင်ပိန်တိုက်နယ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စွဲထားသည့် လုပ်ပါရဲစခန်းအနီးကိုလည်း စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသော်လည်း ထိခိုက်ပျက်စီးမှုကို သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေသည်။
“မနေ့ညက ပင်တိန်ရွာက မူလွန်ကျောင်းနဲ့ သိမ်ကန် ကြဲခံရတာ၊ ဒီနေ့ကျတော့ ပင်တီးက အလယ်ကျောင်းနဲ့ နောင်ပိန်အထွက် လုပ်ပါရဲစခန်းရှေ့ ပေါင် ၅၀၀ တစ်လုံးစီ ကြဲခံရတယ်။ မရှောင်ဘဲ ရွာထဲ ဆက်နေတဲ့ လူတွေလည်း စိုးရိမ်ရတယ်၊ အခုက အခြေအနေ တော်တော်ဆိုးနေပြီ။ သေနတ်သံကလည်း အရမ်းနီးတော့ နမ့်ဟန်ခိတ်ဘက် ပြေးကြတယ်”ဟု နောင်ပိန်ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
အလားတူ ယမန်နေ့ ညပိုင်းတွင်လည်း ကျောက်မဲမြို့နယ် နောင်ပိန်လမ်းခွဲအနီးသို့ စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး နောင်ချိုဘက်မှ ဂုတ်တွင်းချောင်းဖြတ်ကူး၍ မြေပြင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများနှင့် TNLA ပူးပေါင်းတပ်တို့ ထန်းတပင်ကျေးရွာဘက်တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။
လက်ရှိတွင် ကျောက်မဲမြို့နယ်ရှိ နောင်ပိန်-အထက်ရဲရွာ လမ်းကြီးတစ်လျှောက်ရှိ ကျေးရွာများထဲ ရပ်စောက်ဘက်မှ အင်အားဖြည့်လာသည့် စစ်ကောင်စီတပ်သားများ ဝင်ရောက်တပ်စွဲထားခြင်းကြောင့် ရွာသားများ ပိတ်မိနေပြီး အများစုမှာ ပုံဝိုး၊ ဟဲကွီဘက်သို့ ထပ်မံထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
အခြားတစ်ဘက်တွင် ပြင်ဦးလွင်မြို့ရှိ စစ်ကော်မရှင်တပ်များထဲမှ စစ်ယာဉ်တန်းတစ်ခု နောင်ချိုမြို့ကို ဦးတည်ကာ ထွက်ခွာလာကြောင်း ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားခြင်းကြောင့် မကြာမီအချိန်တွင်း TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့သို့ စစ်မီးကူးစက်နိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။







