နောင်းချိန်းစစ်ရှောင်စခန်းမှာ ထောက်ပံ့ငွေမရတော့တာကြောင့် အခက်ကြုံနေ

နောင်းချိန်းစစ်ရှောင်စခန်းမှာ ထောက်ပံ့ငွေမရတော့တာကြောင့် အခက်ကြုံနေ

ဝိုင်းမော်မြို့နယ်၊ နောင်းချိန်းကျေးရွာက စစ်ရှောင်စခန်းတွေမှာ ဆန်နဲ့စားစရိတ် ထောက်ပံ့ငွေမရတာ ၂ လ ရှိလာပြီး ဖြစ်တာကြောင့် အခက်အခဲတွေ ကြုံနေရတဲ့အပြင် နေအိမ်အဆောင်တွေလည်း ပျက်စီးနေပြီလို့ သိရပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)က ထောက်ပံ့မှုရပ်လိုက်တဲ့ ဧပြီလကစပြီး စစ်ကောင်မရှင်ခန့် ကချင်ပြည်နယ် ဝန်ကြီးချုပ်က စစ်ရှောင်တစ်ဦးကို စားစရိတ်ထောက်ပံ့ငွေ ၂ သောင်းစီနဲ့ ဆန်တွေကို ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီလိုထောက်ပံ့မှုတွေကို လစဉ်ပေးသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပေမဲ့ လွန်ခဲ့တဲ့ ဇွန်လကစပြီး မရရှိတော့တဲ့အတွက် အခက်ကြုံနေရတာလို့ နောင်းချိန်းစစ်ရှောင်စခန်းတာဝန်ခံ ဆရာခေါင်ဒေါင်က ပြောပါတယ်။

“အခု ပြန်မပေးတော့ဘူး။ ပြီးတော့ ၂ သောင်းလည်း မပေးကြတော့ဘူး။ ၂ လရှိပြီ။ ဖြစ်သလို ဒီအတိုင်း ရှင်သန်နေကြတာပေါ့။” လို့ တာဝန်ခံက ဆိုပါတယ်။

တစ်စုံတရာ အကြောင်းကြားလာတာမျိုးလည်း မရှိတဲ့အတွက် ထောက်ပံ့မှုမရောက်လာရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး သိရှိထားတာ မရှိဘူးလို့လည်း ဆက်လက်ပြောပါတယ်။

ဒါ့အပြင် စစ်ရှောင်စခန်းအတွင်းက နေအိမ်တွေဟာ မနှစ်က အရေးပေါ်ဆောက်လုပ်ခဲ့ကြရတာ ဖြစ်တဲ့အတွက် ခိုင်ခံ့မှုမရှိဘဲ ပျက်စီးလာပြီး ပြုပြင်ဖို့အတွက်လည်း လိုအပ်နေတာပါ။

စစ်ရှောင်တွေအနေနဲ့ မိမိနေရပ်ကို ပြန်ဖို့အတွက်လည်း မဖြစ်နိုင်သေးတဲ့အတွက် ယာယီသဘောမျိုးမဟုတ်ဘဲ နှစ်အနည်းငယ်လောက် ခိုင်ခံ့အောင် ဆောက်လုပ်ပေးဖို့ လိုအပ်နေတယ်လို့လည်း တာဝန်ခံက ဆိုပါတယ်။

“မနှစ်က မိုးတွင်းမှာခုတ်တာဆိုတော့ ဝါးတွေကလည်း ဆွေးတာတွေဆွေး၊ မိုးတွေကလည်းယို၊ လေ အရမ်းတိုက်တဲ့အတွက် မိုးကာလွင့်တာတွေဖြစ်တယ်။ ပိုးစားလို့ ပိုးထိုးတာတွေထိုး အဲဒီလိုဖြစ်တာ။” လို့ ပြောပါတယ်။

KARUNA MISSION SOCIAL SOLIDARITY (KMSS) အဖွဲ့တွေကတော့ ပျဉ်အိမ်တွေ လာရောက် ဆောက်လုပ်ပေးတာရှိပေမဲ့ အိမ်ထောင်စုများတဲ့အတွက် အားလုံးမလောက်ငှနိုင်ဘူးလို့လည်း ဆက်လက် ပြောပါတယ်။

နောင်းချိန်းကျေးရွာအတွင်းက စစ်ရှောင်စခန်းတွေမှာ အိမ်ခြေ ၁,၀၀၀ ကျော်ရှိပြီး လူဦးရေ ၁၃,၀၀၀ နီးပါး ရှိတယ်လို့ သိရပါတယ်။

အဲဒီစစ်ရှောင်တွေဟာ ၂၀၂၄ ခုနှစ် မတ်လဆန်းက ဖြစ်ပွားခဲ့တဲ့ စစ်ကောင်မရှင်နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ပွဲကြောင့် ဝိုင်းမော်မြို့နဲ့ မြို့ရဲ့တောင်ပိုင်းနဲ့အရှေ့ဘက် ထွက်ပြေးတိမ်းရှောင်လာကြတဲ့ သူတွေဖြစ်ပါတယ်။

Most read this week

ဓာတ်ပုံ - (ပုံဟောင်း)
August 25, 2026
ကချင်လွတ်လပ်ရေး အဖွဲ့အစည်း (KIO/KIA) ထိန်းချုပ်ထားသည့် ဧရိယာအတွင်း မြေရှားသတ္တု တူးဖော်ရေး...
ဓာတ်ပုံ - မြစ်ကြီးနား သတင်းဂျာနယ်
August 25, 2026
ကချင်ပြည်အတွင်း လက်ရှိတွင် ရွှေကူစစ်မျက်နှာပြင်၌ တိုက်ပွဲအပြင်းထန်ဆုံး ဖြစ်ပွားနေပြီး...
August 24, 2026
ကချင်မြေ လွတ်မြောက်နယ်မြေတွင် ဖွင့်လှစ်ထားသည့် Northern Rehabilitation Center for Amputees (NRC...
August 22, 2026
မြစ်ကြီးနား-ပူတာအို လမ်းပိုင်းတစ်လျှောက်ရှိ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်...