မောင်တောနယ်စပ်က AA စခန်းအချို့ကို ARSA တိုက်ခိုက်

မောင်တောနယ်စပ်က AA စခန်းအချို့ကို ARSA တိုက်ခိုက်

ရခိုင်ပြည်၊ မောင်တောမြို့နယ် ဘင်္ဂလားဒေ့ရှ်နယ်စပ်က အာရက္ခတပ်တော် (AA)၏ နယ်စပ်လုံခြုံရေး ကင်းစခန်းအချို့ကို မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့ (ARSA) က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့နှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ရှိသော အာရက္ခတပ်တော်၏ နယ်စပ်လုံခြုံရေးကင်းစခန်းအချို့ကို ဩဂုတ် ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ARSA တပ်ဖွဲ့ဝင်များက အင်အားအများအပြားဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“တိုက်ပွဲဖြစ်တာတော့ မှန်ပါတယ်။ အဓိကတော့ တောင်ပြိုနယ်စပ်စခန်းတွေကို ARSA က သာလွန် အင်အားနဲ့ ဝင်တိုက်လို့ ခံလိုက်ရတာပါ” ဟု ယင်းအခြေနေသိသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

တိုက်ခိုက်ခံရမှုနှင့် လက်ရှိ ယင်းဒေသ လုံခြုံရေးအခြေအနေများကို အသေးစိတ်သိနိုင်ရန် ULA/ AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို DMG က ဆက်သွယ်ထားသော်လည်း အကြောင်းမပြန်သေးပေ။

အလားတူ နယ်စပ်ဒေသတွင် ပစ်ခတ်မှုများ မကြာခဏ ရှိနေပြီး AA က နယ်မြေရှင်းလင်းရေး လုပ်နေကြောင်း နယ်စပ်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း အာရက္ခတပ်တော်ဘက်က ပြန်လည်ခုခံခဲ့သော်လည်း တပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရမှုနှင့် ကျဆုံးမှုများရှိကြောင်း ဒေသခံများက ပြောသည်။

“ARSA ဘက်က ရာချီတဲ့ အင်အားနဲ့ အလုံးအရင်း တိုက်တာဆိုတော့ တပ်တော် (AA) ဘက်က ထိခိုက်တာတွေတော့ ရှိတယ်။ ကျန်တာတွေတော့ ကျနော်တို့လည်း စုံစမ်းနေသေးတယ်” ဟု နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

တောင်ပြိုလက်ဝဲမြို့အနီးတွင် ဩဂုတ်လ ၁၀ ရက်နှင့် ၁၁ ရက်တို့က ARSA နှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းဌာနများတွင် ဖော်ပြထားသည်။

ထို့အပြင် အာရက္ခတပ်တော်၏ တပ်ဖွဲ့ဝင်တစ်ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်၊ အူခီးယာ ဒေသ၊ ဘာလုခါလီနယ်စပ်တွင် သြဂုတ်လ ၁၁ ရက်က AK-47 သေနတ်တစ်လက်၊ ကျည်ဆန် ၅၂ တောင့်၊ ကျည်ဘောက် နှစ်ခုနှင့်အတူ ထွက်ပြေးလာသည်ဟု ဘင်္ဂလားဒေ့ရှ် အွန်လိုင်း သတင်းဌာနတစ်ခုဖြစ်သည့် bdnews24 တွင် ဖော်ပြသည်။

ထွက်ပြေးလာသူ၏ ပြောဆိုချက်အရ ၎င်းထွက်ပြေးလာသည့် AA တပ်စခန်းတွင် နောက်ထပ်ထွက်ပြေးသွားသည့် တပ်ဖွဲ့ဝင် အရေအတွက် ၃၀၀ ခန့်ရှိပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ အချိန်မရွေး ဝင်ရောက်လာနိုင်သည်ဟု သိထားကြောင်း BGB အရာရှိ ဗိုလ်မှူးကြီး ဂျာဆင်းအူဒင်က ပြောဆိုထားသည်။

BGB ၏ ပြောဆိုချက်နှင့် ပတ်သက်၍ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက “သူက ကျနော်တို့ တပ်ဖွဲ့ဝင် မဟုတ်ပါ။ ကျနော်တို့ တောင်ပြိုတိုက်နယ်ရုံးကို အဝင်အထွက်ရှိတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ဒိုင်းနက်လူမျိုး တစ်ယောက်က ယုံကြည်မှုကို အခွင့်ကောင်းယူပြီး ကျနော်တို့စခန်းက လက်နက်ငယ်တစ်လက်၊ ကျည်တချို့နဲ့ မိုဘိုင်း ဖုန်းတစ်လုံး ခိုးပြီးတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတာ” ဟု DMG ကို ဖြေဆိုထားသည်။

လက်ရှိတွင် မောင်တောမြို့နယ်ကို အာရက္ခတပ်တော်က ထိန်းချုပ်ထားသော်လည်း ARSA တပ်ဖွဲ့ ဝင်များသည် ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်မှုများအပါအဝင် အာရက္ခတပ်တော်၏ တပ်ဖွဲ့ဝင်များကိုပါ ခြုံခိုတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိသည်။

ARSA တပ်ဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ တစ်ဆင့် ရခိုင်ပြည်ထဲသို့ ဝင်ရောက်လှုပ်ရှားနေပြီး မောင်တောမြို့အပါအဝင် နယ်စပ်ဒေသလုံခြုံရေးအတွက် အန္တရာယ်ရှိနေသဖြင့် ဒေသခံများက စိုးရိမ်မှုများ ရှိနေသည်။

March 7, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် စစ်တွေမြို့ပေါ်က ပြည်သူ့ဆေးရုံကြီးကို မတ်လ ၇ ရက်၊ နံနက် ၅...
March 6, 2026
စစ်တွေမြို့တွင် တိုက်ပွဲပြင်းထန်လာမှုနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်နှင့် မိသားစု...
အီရန်၏ လေကြောင်းပစ်ခတ်မှုကြောင့် ပေါက်ကွဲမှုဖြစ်ခဲ့သည့် အဘူဒါဘီမြို့ တစ်နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ- Reuters
March 5, 2026
ယခု အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့၏ စစ်ပွဲကာလအတွင်း...
March 4, 2026
စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် စားဝတ်နေရေးကျပ်တည်းမှုနှင့်...