ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်၌ ဖြစ်ပွားသည့် မြေပြိုမှုကြောင့် သေဆုံးသူအရေအတွက် ၁၁ ဦးအထိရှိလာပြီး၊ နေအိမ် ၅၀ ကျော် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ကြောင်း သံတောင်ကြီးခရစ်ယာန် သာသနာနယ် အသိုင်းအဝိုင်းမှ သိရှိရသည်။
သံတောင်ကြီးမြို့ မြေပြိုမှုတွင် ယမန်နေ့ ဩဂုတ်လ ၆ ရက်နေ့အထိ မြို့ပေါ်ရပ်ကွက် (၁)၊ (၃) နှင့် ရွာဘက်ခြံအတွင်းမှ စုစုပေါင်း (၈) ဦး သေဆုံးခဲ့ပြီး ရပ်ကွက် (၂) မှ အမျိုးသားနှစ်ဦးနှင့် ရပ်ကွက် (၁) မှ အမျိုးသားတစ်ဦးတို့ ထပ်မံသေဆုံး၍ လက်ရှိတွင် စုစုပေါင်း (၁၁) ဦး သေဆုံးခဲ့ကြောင်း အနီးကပ် အကူအညီပေးနေသည့် သံတောင်ကြီးသတင်းအရင်းအမြစ်က ပြောသည်။
“နောက်ထပ်တွေ့တဲ့ ယောက်ျားလေးနှစ်ယောက်ကို ဒီနေ့ပဲ သင်္ဂြိုဟ်လိုက်တယ်။ ရပ်ကွက် (၁) က တစ်ယောက် အလောင်းကတော့ အခုထိ မတွေ့သေးဘူး။ အားလုံးပေါင်းကတော့ ၁၁ ယောက်ဖြစ်သွားပြီ” ဟု အဆိုပါသတင်းအရင်းအမြစ်က ပြောသည်။
ယခုနှစ် ရေကြီးရေလျှံမှုနှင့် တောင်ကျရေကြောင့် ဖြစ်ပေါ်လာသော မြေပြိုမှုအတွင်း သံတောင်ကြီးမြို့ပေါ်ရပ်ကွက်သည် ထိခိုက်မှုအများဆုံး ဖြစ်ခဲ့ပြီး၊ နေအိမ်ပေါင်း (၅၀) ခန့် ပျက်စီးဆုံးရှုံးခဲ့သည်။ ၎င်းအပြင် ထီးပူခီး (အောက်) ကျေးရွာ၌လည်း ရွာလုံးကျွတ်ပတ်ပတ်လည် မြေပြိုပျက်စီးမှုကြောင့် နေအိမ် (၃၀) ဝန်းကျင် ဆုံးရှုံးခဲ့ကြောင်း သံတောင်ခရစ်ယာန် သာသနာနယ်အသိုင်းအဝိုင်း၏ စာရင်းအရ သိရသည်။
ထိုအနေအထားကြောင့် ပျက်စီးဆုံးရှုံးမှုများရှိသည့် နေရာများ၌ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လူအင်အားနှင့် စက်ပစ္စည်းအင်အားများအပြင်၊ နေအိမ်မှ ပြောင်းရွှေ့ နေထိုင် နေရသူများအတွက် ရိက္ခာနှင့် အမိုးအကာများလည်း လိုအပ်နေကြောင်း သံတောင်ကြီးမြို့ရှိ အကူအညီပေးနေသူက ဆိုသည်။
၎င်းက “သံတောင်ကြီးမြို့ပေါ်က မြေပိတာ အဆိုးဆုံးပဲ။ ကယ်ဆယ်ရေးသပ်သပ်ကတော့ ကျနော် တို့မြို့ကို မရောက်ဘူး။ အခုက အပျက်အစီးတွေကတော့ နီးစပ်ရာ အသင်းတော်နဲ့ ကိုယ့်ရပ် ကွက်ကလူတွေနဲ့ပဲ လုပ်နေရတယ်။ အဓိကကတော့ ဘက်ဟိုးတွေရယ်၊ လူအင်အားရယ် လိုတယ်။ ထီးပူခီးရွာကလူတွေအတွက်ဆိုရင် ရိက္ခာရော၊ အမိုးအကာရော လိုတာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိတွင် ရာသီဥတုအနေအထား ဆိုးဝါးနေဆဲဖြစ်သည့်အပြင်၊ ယမန်နေ့အထိ တောင်ငူ–သံတောင်လမ်းပိုင်း၌ မြေပြိုမှုဖြစ်ပွားပြီး လမ်းပိတ်ဆို့မှုနှင့် တံတားကျိုးပျက်စီးမှုတို့လည်း ဆက်လက်ရှိနေသည်။ ထို့ကြောင့် လမ်းရှင်းလင်းရေး လုပ်ငန်းများ ပြုလုပ်ခဲ့ရပြီး သွားလာရေး အနေဖြင့်လည်း အခက်အခဲများ ကြုံတွေ့နေရကြောင်း တောင်ငူမှကယ်ဆယ်ရေး သွားဆောင်သောအဖွဲ့များက လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇူလိုင်လပိုင်းကလည်း မိုးရွာသွန်းမှုများပြားကာ တောင်ကျရေလျှံမှု ဖြစ်ပွားမှု ကြောင့် သံတောင်ကြီးမြို့ရှိ နေရပ်ကွက်အချို့၌ မြေတိုက်စားမှု၊ မြေပြိုမှု ဖြစ်ပွားခဲ့ပြီး နေအိမ် (၄) လုံး ထိခိုက်ပျက်စီးမှုများ ဖြစ်ခဲ့သေးသည်။







