PDF များကို လက်ခံသည်ဟုဆိုကာ လေးမျက်နှာက ဘုန်းကြီးတစ်ပါးနှင့် ဒေသခံ ၆ ဦးကို စစ်ကောင်စီ ဖမ်းဆီး

PDF များကို လက်ခံသည်ဟုဆိုကာ လေးမျက်နှာက ဘုန်းကြီးတစ်ပါးနှင့် ဒေသခံ ၆ ဦးကို စစ်ကောင်စီ ဖမ်းဆီး

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ အောက်စုကျေးရွာမှ ကျောင်းထိုင်ဆရာတော်နှင့် ဒေသခံ အမျိုးသား ၆ ဦးတို့ကို ပြည်သူ့ကာကွယ်တပ်ဖွဲ့ (PDF) များအား လက်ခံသည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

အောက်စုကျေးရွာ ဆရာတော်ကို ကျောင်းအတွင်း တော်လှန်ရေးတပ်များအား လက်ခံတည်းခိုခွင့်ပြုသည်ဟု ဆိုပြီး ဖမ်းဆီးသွားကာ ဒေသခံ ၆ ဦးကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ဆက်သွယ်မှုရှိသည်ဟု စွပ်စွဲချက်ဖြင့် ဩဂုတ် ၁ ရက်တွင် တပြိုင်တည်း ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

“အောက်စုရွာက ဆရာတော်ကို တခါတည်း လူဝတ်လှဲပြီး ဖမ်းဆီးသွားတယ်။ သံဃာတစ်ပါးကို ဖမ်းဆီးဖို့ မြို့နယ်သံဃာနာယကရဲ့ ခွင့်ပြုချက်လိုတယ်။ အခု ဘာခွင့်ပြုချက်မှမပါဘဲ ဒီအတိုင်း စွပ်စွဲပြီး ဖမ်းဆီးသွားတာ။ နောက်ကျေးရွာသား ၆ ဦးကိုလည်း PDF တွေနဲ့ ဆက်သွယ်မှု ပြုလုပ်တယ် ဆိုပြီး ဖမ်းဆီးသွားတယ်။ ဒီနေ့အထိ ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာ အဆက်သွယ်မရသေးဘူး” ဟု လေးမျက်နှာဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ ဖမ်းဆီးခံထားရသူများမှာ ပြန်လည်မလွတ်မြောက်လာသေးဘဲ မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်းလည်း မသိရသေးပေ။

ဖမ်းဆီးခံရသည့် ဆရာတော်မှာ ရခိုင်လူမျိုးတစ်ဦးဖြစ်ပြီး ကျောင်းအတွင်းမှာလည်း ရခိုင်က စစ်ဘေးတိမ်းရှောင်နေသူများနှင့် လေးမျက်နှာတိုက်ပွဲအတွင်း တိမ်းရှောင်လာကြသူများကို ခိုလှုံခွင့်ပေးကာ ကူညီစောင့်ရှောက်ပေးထားကြောင်း သိရသည်။

အောက်စုကျေးရွာ ဆရာတော်မှာ စစ်ဘေးရှောင်များနှင့် ပတ်သက်၍ ကူညီပေးနေသူဖြစ်ပြီး ဒေသခံ ၆ ဦးမှာလည်း မည်သည့်လက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ်မှုမရှိကြောင်း‌ ဒေသခံများက ပြောသည်။

“အောက်စု ဆရာတော်က စစ်ဘေးရှောင်တွေ ကူညီနေတာ။ အဲဒါကို စစ်ကောင်စီ အလိုတော်တွေက တော်လှန်ရေးအင်အားတွေကို လက်ခံတယ်ဆိုပြီး သတင်းမှားတွေ သွားပို့တယ်လို့ သိရတယ်။ လက်ရှိ ဧရာဝတီဖက်မှာက အနေအထိုင် အပြောအဆိုကအစ အတော်လည်းကို ဂရုစိုက်နေထိုင်ကြရတယ်” ဟု နောက်ထပ် လေးမျက်နှာဒေသခံတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းတွင် စစ်ကောင်စီက ရခိုင်စစ်ဘေးရှောင်များနှင့် ဒေသခံများကို တော်လှန်ရေးအင်အားစုများနှင့် ဆက်နွယ်သည်ဟု စွပ်စွဲပြီး ဖမ်းဆီးထောင်ဒဏ်ချမှုများရှိနေသည်။

ဧရာဝတီတိုင်းတွင် အာရက္ခတပ်တော်နှင့် AYA PDF အမှတ် (၂၉) ဗျူဟာ တို့ ပူးပေါင်းပြီး လေးမျက်နှာ၊ အင်္ဂပူ၊ သာပေါင်း၊ ရေကြည်၊ ပုသိမ်မြို့နယ်တို့မှာ စစ်ရေးဖော်ဆောင်လျက်ရှိနေသည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို စစ်ကောင်စီ ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ၏ ရုပ်အလောင်းနားတွင် ငိုကြွေးနေကြသည့် မိသားစုဝင်အချို့။ ဓာတ်ပုံ - ကျောက်တော်လူငယ်များအစည်းအရုံး (KTYA)
March 2, 2026
အာရက္ခတပ်တော်ထိန်းချုပ်ရာ ရခိုင်ဒေသတွင် စစ်ကောင်စီ၏ လက်ချက်ကြောင့် အရပ်သား ထိခိုက်သေဆုံးမှု...
February 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများတွင် HIV ထိန်းချုပ်ရေးအပါအဝင် ကူးစက်ရောဂါကာကွယ်ရေးအတွက်...
February 27, 2026
စစ်တွေမြို့နယ်၊ ဝါဘိုနှင့် တောကန်ကျေးရွာအနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲ...
February 26, 2026
ရခိုင်ပြည်တွင် စစ်ရေးရှုံးနိမ့်နေသည့် စစ်ကောင်စီသည် AA ထိန်းချုပ်နယ်မြေက စာသင်ကျောင်း၊ ဆေးရုံ၊...