အင်္ဂပူက ကျေးရွာအချို့ကို စားနပ်ရိက္ခာနှင့် ဆေးဝါးသယ်ယူခွင့် စစ်ကောင်စီ ပိတ်ပင်

အင်္ဂပူက ကျေးရွာအချို့ကို စားနပ်ရိက္ခာနှင့် ဆေးဝါးသယ်ယူခွင့် စစ်ကောင်စီ ပိတ်ပင်

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီက စားနပ်ရိက္ခာနှင့် ဆေးဝါးသယ်ယူခွင့် လုံးဝပိတ်ပင်ထားပြီး အချို့ကျေးရွာများကိုလည်း ၅ ရက်စာထက် အပို သယ်ယူခွင့် တားမြစ်ထားကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ရိုးမ တောင်ခြေတွင် ရှိသည့် အင်္ဂပူမြို့နယ်၊ ကျီးပင်နှင့် ထုံးပေါ်ကျေးရွာတို့ကို ဇူလိုင် ၂၅ ရက်ကစပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် စက်သုံးဆီများ သယ်ယူခွင့်အားလုံးကို စစ်ကောင်စီ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

ထို့အတူ ပုသိမ်- မုံရွာ ကားလမ်းပေါ်ရှိ ပိန္နဲကွင်း၊ တောင်စင်း၊ ပဒတ်ကုန်းနှင့် ဂွက်ကြီး စသည့် ကျေးရွာများ ကိုလည်း ရိက္ခာနှင့် ဆေးဝါး ၅ ရက်စာထက် ပို၍ မသယ်ရဆိုပြီး စစ်ကောင်စီက ကန့်သတ်ထားသည်။

အင်္ဂပူဒေသခံ အမျိုးသားတစ်ဦးက “အဲဒီလို ကန့်သတ်ချက်တွေကို စစ်ကောင်စီ အမိန့်စာ ထုတ်ထားတာ ဖြစ်တယ်။ အင်္ဂပူမြို့ အဝင်ဂိတ်တွေမှာလည်း ရိက္ခာစစ်ဆေးသလို ကွင်းကောက်ဂိတ်တွေမှာလည်း စစ်ဆေးတယ်” ဟု ပြောသည်။

အင်္ဂပူမြို့နယ်တွင် စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား ပြီးခဲ့သည့် မေလကစပြီး တိုက်ပွဲများဖြစ်ခဲ့ပြီး ကျေးရွာအချို့ကို စစ်ကောင်စီက လက်လွှတ်ထားရကြောင်း သိရသည်။

စစ်ကောင်စီက အရပ်သားများကို စားနပ်ရိက္ခာနှင့် ဆေးဝါးများ ကန့်သတ်ပိတ်ပင်နေခြင်းမှာ ပြည်သူများကို အငတ်ဘေးဖြစ်စေရေး လုပ်နေခြင်းသာဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့် ကန့်သတ်ခံရတော့ အဲဒီကျေးရွာတွေမှာ နေထိုင်ကြတဲ့ ဒေသခံတွေကို အငတ်ဘေးဆိုက်ကပ်ဖို့ ပြုလုပ်လိုက်တာနဲ့ အတူတူပဲ။ သူတို့က တော်လှန်ရေးအင်အားစုတွေကို ရိက္ခာဖြတ်တောက်ဖို့ လုပ်တာဆိုပေမယ့် တကယ်အထိနာတာက ပြည်သူတွေပဲ ဖြစ်တယ်” ဟု အင်္ဂပူဒေသခံ နောက်ထပ်အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် အင်္ဂပူမြို့နယ်အတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲမရှိသော်လည်း စစ်ရေးတင်းမာမှုများ ရှိနေသည်။

ပြီးခဲ့သည့် မေလကလည်း စစ်ကောင်စီသည် လေးမျက်နှာနှင့် ရေကြည်မြို့နယ်က ကျေးရွာအချို့ကို စားနပ်ရိက္ခာနှင့် ဆေးဝါးသယ်ယူခွင့်များ ကန့်သတ်ပိတ်ပင်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီသည် လေးမျက်နှာမြို့နယ်သို့ ပြီးခဲ့သည့် ရက်ပိုင်းက ရေကြောင်းကနေ အင်းအားဖြည့်တင်းထားပြီး ဧရာဝတီတိုင်းတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများလည်း ရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။

ဧရာဝတီတိုင်းတွင် အာရက္ခတပ်တော်နှင့် အမှတ် ၂၉ ဗျူဟာ ဧရာဝတီတို့ ပူးပေါင်း၍ စစ်ရေးဖော်ဆောင်နေပြီး အင်္ဂပူ၊ လေးမျက်နှာ၊ ရေကြည်၊ သာပေါင်းနှင့် ပုသိမ်မြို့နယ်တို့တွင် တိုက်ပွဲများ ရှိနေကြောင်း သိရသည်။

ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်မိသားစုတစ်ခုကို ယခုအတွင်း တွေ့ရစဉ်။
February 10, 2026
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့်...
February 9, 2026
ရခိုင်မြို့သိမ်းတိုက်ပွဲများအတွင်း အာရက္ခတပ်တော် (AA) ထံ လက်လွှတ်ဆုံးရှုံးလိုက်ရသည့်...
February 7, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်အတွင်းရှိ ဘာသာဝင်အသီးသီးသည် မိမိတို့၏...
၂၀၂၃ ခုနှစ် စစ်တွေတက္ကသိုလ်မှ အဝေးသင်ကျောင်းသူ/သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - စစ်တွေ တက္ကသိုလ်
February 6, 2026
လမ်းပန်းဆက်သွယ်ရေး အဘက်ဘက်က ပိတ်ဆို့ခံထားရသည့် ရခိုင်ပြည်တွင် ရခိုင်လူငယ် အများအပြားသည်...