စစ်ဘေးရှောင် တစ်ထောင်ကျော်နေထိုင်သည့် ဂဏန်းတောင်စခန်းတွင် စားနပ်ရိက္ခာနှင့် ဆေးဝါး အရေးပေါ် လိုအပ်နေ

စစ်ဘေးရှောင် တစ်ထောင်ကျော်နေထိုင်သည့် ဂဏန်းတောင်စခန်းတွင် စားနပ်ရိက္ခာနှင့် ဆေးဝါး အရေးပေါ် လိုအပ်နေ

စစ်ဘေးရှောင် တစ်ထောင်ကျော် နေထိုင်နေသည့် ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်က ဂဏန်းတောင် စစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီ အရေးပေါ် လိုအပ်နေကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

စစ်ဘေးရှောင်များမှာ အကူအညီရရှိမှု နည်းပါးသည့်အပြင် လက်ရှိ မိုးတွင်းကာလဖြစ်၍ တောတောင်သို့ သွားရောက်ကာ ရှာဖွေစားသောက်ရန် ခက်ခဲသဖြင့် စားသောက်ရေး ကျပ်တည်းမှုနှင့် ရင်ဆိုင်နေကြရသည်။

"ဟင်းဝယ်စရာမရှိတော့(ပိုက်ဆံ) တောင်သွားကြရင် တစ်နပ်စာလောက် ခူးခဲ့ကြပြီးတော့ အဲဒီဟင်းကို ဟင်ချို့မုန့် မပါဘဲ ဆားနဲ့ ချက်စားကြရတယ်။ နေမကောင်းလို့ ငါးတစ်ထပ်လောက် စားချင်တယ်၊ ပိုက်ဆံမရှိလို့ မစားကြရဘူး" ဟု ဂဏန်းတောင် စစ်ဘေးရှောင်စခန်းမှ ဒေါ်နွဲ့နွဲ့မှုက ပြောသည်။

ဂဏန်းတောင်စစ်ဘေးရှောင်ခန်းက စစ်ဘေးရှောင်များမှာ တောတောင်ကို အမှီပြုကာ ထင်းခုတ်၊ ဟင်းရှာ စသည့် ကြုံရာကျပန်းလုပ်ကိုင်ပြီး စားဝတ်နေရေးကို ဖြတ်သလိုဖြေရှင်းနေကြခြင်း ဖြစ်သည်။

ယခု မိုးရာသီကာလဖြစ်၍ ထင်းခုတ်ရန် မဆင်မပြေတော့သည့်အပြင် ဟင်းရှာရန်အတွက်လည်း တောင်ကျရေကြမ်းမှုများကြောင့် အန္တရာယ်များသဖြင့် လုပ်ကိုင်စားသောက်ရန် စိန်ခေါ်မှု ရှိနေကြသည်။

ယင်းကြောင့် ဝင်ငွေမရှိတော့သဖြင့် စားဝတ်ရေး၊ ကျန်းမာရေးကအစ အခက်အခဲများကို ကြုံတွေ့နေကြရသည့်အထဲ တစ်ဖက်တစ်လှမ်းက အားကိုးရန်လည်း ကူညီထောက်ပံ့မှုမရှိသဖြင့် အခက်အခဲပိုကြုံရကြောင်း စစ်ဘေးရှောင်များက ပြောကြသည်။

ဂဏန်းတောင်စခန်းတာဝန်ခံ ဦးမောင်နီဂျာက "ငတ်မွတ်မှုဒဏ်ကို တော်တော်လည်း ခံနေကြရတယ်။ တစ်အိမ်မှာ ဆန် ၅ ဘူးစားတဲ့ အိမ်က ၃ ဘူးလောက်ပဲ ချက်ပြီး စားနေကြရတယ်။ တချို့ကလေးတွေ နေမကောင်းလို့ ဆေးဝါးလိုအပ်ကြတယ်။ ဝယ်မသောက်နိုင်ကြဘူး။ ကလေးတွေက အာဟာရက အစာအကုန်

လုံးပြတ်တောက်နေကြတယ်။ အခုအချိန်မှာ အဓိက အခက်ခဲကြတော့ ငွေကြေးက လုံးဝခက်ခဲနေကြတာ။ ၁၁ လလောက်ရှိနေပြီ ဘာအကူအညီမှ မရကြဘူး" ဟု ပြောသည်။

လက်ရှိ မိုးတွင်းကာလ ခြင်ပေါက်ဖွားနှုန်းမြင့်တက်နေသော်လည်း ခြင်ထောင်အလုံအလောက်မရှိ၍ ဖြစ်သလို အိပ်စက်နေကြရသဖြင့် ကလေးငယ်များမှာ ငှက်ဖျားနှင့် တုတ်ကွေးဖြစ်ပွားမှုလည်း ရှိနေကြောင်း သိရသည်။

ဂဏန်းတောင် စစ်ဘေးရှောင်စခန်းတွင် စစ်တွေမြို့နယ်က စစ်ကောင်စီ နှင်ထုတ်ခဲ့သော ကျောက်တန်းချေ၊ ကျားမသောက်၊ ဝါဘို၊ တောကန်၊ သိန်းတန်၊ ရာတန်စသည့် ကျေးရွာများမှ အိမ်ထောင်စု ၂၂၀ နှင့် လူဦးရေ ၁,၀၉၄ ဦး ခိုလှုံနေကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

စစ်ဘေးရှောင်များမှာ အငတ်ဘေးကိုမခံနိုင်သဖြင့် တောတောင် အထပ်ထပ်ကိုဖြတ်ကျော်ကာ မိုးရွာ၊ တောင်ကျရေကြားမှာ ထင်းခုတ်ပြီး ရုန်းကန်နေကြောင်း မဖြူဖြူသန်းက ပြောသည်။

"မနက် ၇ နာရီကနေ့ သွားကြတာ နေ့လည် ၂ နာရီလောက်မှ ရောက်ကြတယ်။ ရလာတဲ့ ထင်းနဲ့လည်း တရက်စာအတွက် မလုံလောက်ဘူး။ ထင်းအချောင်း ၅၀ ကိုရောင်းမှ ပိုက်ဆံက ၇,၅၀၀ ပဲရတာ။ တစ်နေ့တာ အသုံးစရိတ်က နှစ်သောင်းလောက်ကုန်ကျတော့ ဘယ်လိုမှ မလုံလောက်ဘူး။ စခန်းတစ်ခုလုံးက အခက်တွေနဲ့ ရင်ဆိုင်နေကြရတာ" ဟု မဖြူဖြူသန်းက ပြောသည်။

ရခိုင်တွင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာနေကြရသူ ၆ သိန်းကျော် ရှိပြီး စစ်ကောင်စီ၏ လေကြောင်း၊ မိုင်းနှင့်စစ်ကျန်လက်နက်အန္တရာယ်တို့ကြောင့် နေရပ်မပြန်နိုင်သေးကြဘဲ စားဝတ်နေရေး၊ ကျန်းမာရေး စသည့် အခက်အခဲများကို ဆိုးရွားစွာရင်ဆိုင်နေကြရသည်။

AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...
အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။
March 30, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရမှ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်းမှုများကို...
March 28, 2026
ရခိုင်ဒေသအတွင်း မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်ခြင်း၊ ရောင်းဝယ်ဖြန့်ဖြူးခြင်းတို့ကို ကျူးလွန်ပါက...
March 27, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ ကပစ-၁၆ စစ်ဆင်ရေးကို အာရက္ခတပ်တော် (AA) နှင့်အတူ BPLA တပ်ပါ...