မိမိနေရပ်သို့ ပြန်လည်အခြေချနိုင်ကြောင်း ဒုက္ခသည်များအား KNU ဖိတ်ခေါ်

မိမိနေရပ်သို့ ပြန်လည်အခြေချနိုင်ကြောင်း ဒုက္ခသည်များအား KNU ဖိတ်ခေါ်

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများမှ ပြည်သူများအနေဖြင့် ဆန္ဒရှိပါက မိမိနေရပ်သို့ ပြန်လည်အ‌ခြေချ‌ နေထိုင်နိုင်ပြီဖြစ်ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တာဝန်ရှိသူများက ဖိတ်ခေါ်လိုက်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၅ နှင့် ၁၆ ရက်နေ့တွင် ထိုင်းနယ်စပ်ရှိ မယ်လအူး၊ မယ်လမို ဒုက္ခသည်စခန်း နှစ်နေရာကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဒုစစ်ဦးစီးချုပ်၊ ဒုဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ အပါအဝင် တပ်မဟာ (၅) ၊ (၇) နှင့် ဗဟိုစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ပြည်သူလုထုများနှင့် သွားရောက်တွေ့ဆုံစဉ် ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ လူထုတွေ့ဆုံပွဲတွင် တစ်ဖက်နိုင်ငံ၏ စီမံအုပ်ချုပ်မှုအတွင်း နှစ်ကာလတန်ကြာ အနစ်နာခံ နေထိုင် ပေးကြသည့် လူထုများနှင့် တွေ့ဆုံပြီး အားပေးစကားပြောကြားခဲ့သလို နယ်မြေဒေသအတွင်း ပြန်လည် အခြေချမှုအတွက် ကြိုဆိုအသိပေးရန်ဖြစ်သည်ဟု ယင်း‌တွေ့ဆုံမှုနှင့် ပတ်သက်၍ တပ်မဟာ (၅) မှ တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဂီနွီးက ယခုလို ပြောသည်။

“ကျနော်တို့ ပြည်သူတွေဟာ ဒုက္ခသည်စခန်းမှာ နေလာတာ နှစ်ပေါင်း (၅၀) ကျော် ရှိပြီဆိုတော့ ကိုယ်ပိုင် ရပ်တည်ဖို့ လိုပြီ။ ဒါကြောင့် သူတို့ကိုလည်း နေရာဒေသမှာ ပြန်လည်အခြေချဖို့၊ နေထိုင်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ အခု နယ်မြေဒေသမှာလည်း ရန်သူတွေရဲ့ နေရာစခန်းတွေ အနည်းငယ်ပဲ ကျန်ရှိတော့တယ်။ အခြေအနေတွေလည်း စိတ်ချရပြီမို့လို့ သူတို့ ကိုယ်တိုင် စိတ်ဆန္ဒရှိရင် ပြည်တွင်းထဲကို ပြန်လာနေလို့ ရပြီးဆိုတဲ့အကြောင်း ပြောခဲ့ပါတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ယခုလို တာဝန်ရှိ ပုဂ္ဂိုလ်များ လာရောက်အားပေး ပြောဆိုပေးခဲ့မှုအပေါ် ကိုယ့်နယ်မြေဒေသအတွင်း ပြန်လည် အခြေချရန် စိတ်အားထက်သန်မှုများရှိလာသည့် လူငယ်တချို့ကိုလည်း တွေ့ရှိခဲ့ရကြောင်း ဗိုလ်မှူးချုပ် စောဂီနွီးက ဖြည့်စွက်ပြောသည်။



၎င်းအပြင် ဒုက္ခသည်စခန်း‌နေ လူထုများကလည်း လက်ရှိစခန်းအတွင်း ကြုံ‌တွေ့‌နေရသည့် အခက်အခဲများ၊ ၎င်းတို့၏လိုလားချက်များ၊ စိုးရိမ်ချက်များကို တင်ပြခြင်းနှင့် ‌မေးမြန်းခြင်းဖြင့် အပြန်အလှန်‌ဆွေး‌နွေးမှုများ ပြု လုပ်ခဲ့ကြကြောင်း သိရသည်။

မယ်ရာမို စခန်း‌တာဝန်ရှိသူတစ်ဦးက “ အဖူးဘောကျော်ဟဲ ကိုယ်တိုင် ကိုယ့်ပြည်တွင်းဘက် ပြန်နေလည်း ရတဲ့ အကြောင်းအပြင် အားပေးစကားတွေ လာပြောပေးသွားတယ်။ ခုလို လာရောက် တွေ့ဆုံပြီး ပြောပြပေးတော့ ပြည်သူတွေဘက်ကလည်း မသိနားမလည်ခဲ့တာတွေ ရှင်းရှင်းလင်းလင်း သိသွားခဲ့တယ်။ အားတွေလည်း ရှိလာတာပေါ့” ဟု ပြောသည်။

လတ်တလော ကြုံတွေ့ရသည့် စားနပ်ရိက္ခာထောက်ပံ့မှု ပြတ်တောက်မည့်ကိစ္စနှင့်ပတ်သက်၍ ဒုက္ခသည်လူထု များအကြား စိုးရိမ်ပူပန်မှုဖြစ်ပေါ်နေသည့်အပေါ် အပြန်အလှန် စောင့်ရှောက်ကာ အချင်းချင်းဖေးမကူညီမှုများ ထားရှိကြရန်လည်း ကေအဲန်ယူတာဝန်ရှိသူများက အဆိုပါ တွေ့ဆုံပွဲတွင် တိုက်တွန်းအားပေးပြောဆိုခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံ၏ နှစ်ပေါင်းများစွာ ပဋိပက္ခများကြောင့် တိမ်းရှောင်လာကြသော အရပ်သားပြည်သူများ ယာယီခိုလှုံနေထိုင်ရန် ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်ရာမို၊ မယ်လအူး၊ ဘမ့်ဒုံယမ်း၊ ထမ့်မဟင်နှင့် အမှတ် (၁)၊ (၂) ကရင်နီ ဒုက္ခသည်စခန်းအပါအဝင် မြန်မာဒုက္ခသည်စခန်းပေါင်း ၉ ခုဖွင့်လှစ်ထားရပြီး လက်ရှိအထိ လူဦးရေ တစ်သိန်းနီးပါး ခိုလှုံနေကြောင်း သိရှိရသည်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...