ကျောက်မဲမြို့နယ် အမျိုးသမီးတစ်ဦး လက်ဖက်ခြံထဲ မြေမြှုပ်မိုင်းနင်းမိပြီး ပွဲချင်းပြီးသေဆုံး

ကျောက်မဲမြို့နယ် အမျိုးသမီးတစ်ဦး လက်ဖက်ခြံထဲ မြေမြှုပ်မိုင်းနင်းမိပြီး ပွဲချင်းပြီးသေဆုံး

သျှမ်းပြည်၊ ကျောက်မဲမြို့နယ်၊ ဟူးဆွန်ကျေးရွာမှ အမျိုးသမီးတစ်ဦးသည် လက်ဖက်ခြံထဲ မြေမြှုပ်မိုင်းနင်းမိပြီး ပေါက်ကွဲမှုကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။

ဇူလိုင်လ ၁၅ ရက် နံနက် ၁၀ နာရီခွဲကျော်တွင် ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာနေ အသက် (၅၃) နှစ် အရွယ်ရှိ ပါ့အေးဝင်းသည် အခြားအမျိုးသမီးတစ်ဦးနှင့်အတူ ရွာအနီးရှိ လက်ဖက်ခြံတွင် လက်ဖက်ခူးနေစဉ် မြေမြှုပ်မိုင်း နင်းမိပြီး ပေါက်ကွဲမှုကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ကျောက်မဲဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အင်္ဂါနေ့က ပါ့ဝင်းနဲ့ သူ့မိတ်ဆွေ နှစ်ယောက်သား ရွာနားက ခြံမှာ လက်ဖက်သွားခူးကြတာ။ ပါ့ဝင်းမိတ်ဆွေက အပေါ်ဘက်မှာ လက်ဖက်ခူးတာ၊ ပါ့ဝင်းက အောက်ဘက်နား ခူးနေရင်း မိုင်းနင်းမိပြီး ပေါက်ကွဲလို့ အဲ့မှာ ပွဲချင်းပြီး ဆုံးတာ။ သူ့မိတ်ဆွေတော့ ဘာမှ မဖြစ်ဘူး။ ရွာသားတွေကို ပြန်သွားခေါ်ပြီး အလောင်းသယ်လာရတယ်” ဟု ကျောက်မဲမြို့နယ်မှ အသက်(၂၀) ကျော်အရွယ် အမျိုးသားတစ်ဦးက ဖြစ်စဉ်ကို ပြောသည်။

ကျောက်မဲမြို့နယ်၊ ဟူးဆွန်ကျေးရွာအနီး လက်ဖက်ခြံထဲတွင် ပါ့အေးဝင်း နင်းမိပြီး ပေါက်ကွဲခဲ့သည့် မြေမြှုပ်မိုင်းကို မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမှ မည်သည့်အချိန်တွင် မိုင်းထောင်ထားခဲ့သည်ကို မသိရကြောင်း အဆိုပါအမျိုးသားက ဆက်ပြောသည်။

ကျောက်မဲမြို့နယ်အတွင်းရှိ ဟူးဆွန်ကျေးရွာအုပ်စုသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်း မဟာမိတ်ဖြစ်သည့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် နေရာလည်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်ကလည်း ကျောက်မဲမြို့နှင့် (၁၅) မိုင်ခန့်သာ ကွာဝေးသည့် ဟူးဆွန်ကျေးရွာအနီးတွင် SSPP/SSA နှင့် TNLA တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ၎င်းတို့၏ သက်ဆိုင်ရာ သတင်းပြန်ကြားရေးဌာနများမှ အပြန်အလှန် စွပ်စွဲကာ ဇွန်လ (၂၃) ရက်တွင် သတင်းထုတ်ပြန်ထားသည်။

April 21, 2026
သျှမ်းပြည် တောင်ကြီး၊ ဆီဆိုင်နှင့် ဟိုပုံးမြို့နယ့်အတွင်းရှိ ပုံးအင်းဒေသတွင် ခရုနီများ...
April 20, 2026
စိုင်းခွမ်မိန်း —မြန်မာနှစ်သစ်ကူးရက်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အကျဉ်းထောင် အသီးသီးရှိ...
April 11, 2026
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် သင်္ကြန်ပွဲတော် ကျင်းပရန် မဏ္ဍပ်(၉)ခုထက်မနည်း...
April 10, 2026
စိုင်းခွမ်မိန်း —သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်...