မန္တလေးတွင် ငလျင် ၃ ကြိမ်လှုပ်၊ ဒေသခံများစိုးရိမ်ထိတ်လန့်

မန္တလေးတွင် ငလျင် ၃ ကြိမ်လှုပ်၊ ဒေသခံများစိုးရိမ်ထိတ်လန့်

မန္တလေးတိုင်းတွင် ယနေ့နံနက်ပိုင်းက အင်အားအသင့်အတင့်ရှိသည့် ငလျင် သုံးကြိမ် လှုပ်ခတ်သွားခဲ့ပြီး ငလျင်ဒဏ်ကို သိသာစွာခံစားခဲ့ရကာ စိုးရိမ်ထိတ်လန့်ခဲ့ရကြောင်း  ဒေသခံများက ပြောသည်။

ယနေ့ (ဇူလိုင်လ ၁၆ ရက်)နံနက် ၃ နာရီ ၂၇ မိနစ်တွင် မန္တလေးတိုင်း မန္တလေးမြို့ အနောက်ဘက် တကီလိုမီတာ၊ မြေအောက်အနက် ၃၂ ကီလိုမီတာကို ဗဟိုပြု၍  ပြင်းအား ရစ်ချ်တာစကေး ၄ ဒသမ ၇ အဆင့်ရှိ ငလျင်နှင့် အင်အားအသင့်တင့်ရှိသည့် ငလျင်တခု လှုပ်ခတ်ခဲ့ကြောင်း NUG ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM) က သတင်းထုတ်ပြန်သည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုကို မန္တလေးမြို့ပေါ်နှင့် အနီးတဝိုက်မြို့နယ်များဖြစ်သည့် ပြင်ဦးလွင်၊ ကျောက်ဆည်၊ တံတားဦး အပြင် စစ်ကိုင်း၊ မုံရွာ၊နှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဒေသတချို့တွင် သိသာစွာခံစားခဲ့ရကြောင်း သိရသည်။

“အိပ်နေရင်းထပြေးရတာ။ တအိမ်လုံးရမ်းခါနေလို့။ အချိန်သာကြာရင်၂၈ ရက်နေ့လိုမျိုး ပြိုကျပျက်စီးမှာ။ ထိခိုက်ပျက်စီးတာတော့ မကြားရသေးဘူး” ဟု မန္တလေးမြို့ဒေသခံတဦးက ပြောသည်။

ယနေ့နံနက်ပိုင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ကျောက်ဆည်မြို့တွင် နေထိုင်သူ ကလေးမီးဖွားထားသည့် အမျိုးသမီးတဦး ထိတ်လန့်ကာ အသက်သေဆုံးခဲ့ကြောင်း  သတင်းများ ထွက်ပေါ်နေပြီး အသေးစိတ် အတည်မပြုနိုင်သေးပေ။

အလားတူ ယနေ့ နံနက် ၇ နာရီ ၅၂ မိနစ်အချိန်၌လည်း ဝမ်းတွင်းမြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၂ ရစ်ချ်တာစကေးရှိ ငလျင်တခု လှုပ်ရှားသွားကြောင်း စစ်ကောင်စီမိုးဇလဌာနက သတင်းထုတ်ပြန်ထားသည်။

ယခုဇူလိုင်လအတွင်း မန္တလေးတိုင်း၌ ယနေ့အထိ ငလျင် ၁၀ ကြိမ်လှုပ်ခတ်ထားပြီး ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းက တံတားဦးအနီးကို လှုပ်ခတ်ခဲ့သည့် အင်အားရစ်ချ်တာစကေး ၄ ဒသမ ၈ အဆင့် ငလျင်ကိုလည်း ဒေသခံများ သိသာစွာခံစားခဲ့ရသည်။

“ငလျင်လှုပ်တာက အခုထိ ကျွန်တော်တို့ကို ခြောက်လန့်နေတုန်းပဲ။ စိတ်မချရသေးဘူး။ ညအိပ်တဲ့အချိန်လှုပ်မှာပဲ စိတ်ပူတာ။ အဲ့ဒီလိုဆို အကုန်လုံးပြေးချိန်ရမှာတောင် မဟုတ်ဘူး။” အမရပူရမြို့နယ်ဒေသခံက ပြောသည်။

အင်အားပြင်းငလျင်ကြီးလှုပ်ခတ်မှုကို ပြင်းထန်စွာခံစားခဲ့ရသည့် ဒေသများအနက် တခုဖြစ်သည့် မန္တလေးတိုင်းတွင် ပြန်လည်ထူထောင်ရေးလုပ်ဆောင်ရန်ကြိုးစားနေချိန် ယခုကဲ့သို့ အင်အားအသင့်အတင့်ရှိသည့် နောက်ဆက်တွဲ ငလျင်ထပ်မံလှုပ်ခတ်မှုများကြောင့် ဒေသခံများအကြား စိုးရိမ်မှုများရှိနေသည်။

မတ်လ ၂၈ ရက်နေ့က အင်အားပြင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက် သုံးလကျော်ကြာလာချိန်အထိ နောက်ဆက်တွဲငလျင် အကြိမ်ရေ စုစုပေါင်း ၂၀၀ ကျော် အထိ လှုပ်ခတ်ထားကြောင်း စစ်ကောင်စီမိုးဇလဌာနက ယနေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ဆက်တိုက်လှုပ်ခတ်နေသည့်ငလျင်ငယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေရန်အတွက် ပြည်သူများအနေဖြင့် ငလျင်ဘေးကို သတိပြု နေထိုင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က တိုက်တွန်းထားသည်။

Most read this week

February 17, 2026
ဂျူချန်း — ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာရှိ...
ဓါတ်ပုံ- စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းနှင့် တီမောသံရုံးယာယီတာဝန်ခံတို့အား ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့က တွေ့ရစဉ်။ တီမောသံရုံးယာယီတာဝန်ခံအား လာမည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မတိုင်ခင် မြန်မာနိုင်ငံမှ အပြီးအပိုင်ထွက်ခွာရန် အကြောင်းကြားခဲ့ကြောင်း စစ်ကော်မရှင်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၅ရက်နေ့တွင် ထုတ်ပြန်သည်။ (MOI)
February 16, 2026
ရန်ကုန်မြို့ရှိ တီမောနိုင်ငံ၏ သံရုံးယာယီတာဝန်ခံ အဲလီစီယို ဒို ရိုဆားရီရို ဒီ ဆော်ဆာအား လာမည့်...
February 13, 2026
စိုင်းခန့် — ကရင်နီပြည်ရှိ သံလွင်မြစ်အတွင်း Arsenic (အာဆင်းနစ်) ၊ ခဲနှင့် ပြဒါး အပါအဝင်...
February 12, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်က ဒေသခံအရပ်သားလေးဦးအား...