ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်

ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်

ရခိုင်-ဘင်္ဂလားဒေ့ရှ်ကြား ကုန်သွယ်မှုပြုလုပ်နေသည့် နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များမှ ကန့်သတ်ပိတ်ပင်မှုများပြုလုပ်လာသဖြင့် နှစ်ဖက်ကုန်သွယ်ရေးလုပ်ငန်း အားလုံးနီးပါး ရပ်တန့်နေကြောင်း ကုန်သည်များနှင့် ဒေသအာဏာပိုင်းများထံမှ သိရသည်။

ဇူလိုင်လဆန်းပိုင်းမှ စ၍ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ကုန်သွယ်ရေးဂိတ်များတွင် လုံခြုံရေးတင်းကျပ်ခြင်း၊ ရခိုင်ဘက်မှ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ ရခိုင်ဘက်သို့ တင်ပို့မည့် ကုန်များကိုလည်း ပိတ်ပင်ခြင်း ပြုလုပ်နေ၍ ကုန်သွယ်ရေး အလုပ်မဖြစ်ဘဲ ရပ်တန့်နေခြင်းဖြစ်သည်။

“ဘင်္ဂလားဒေ့ရှ်ဖက်က နယ်စပ်ကုန်သွယ်ရေးတွေကို တင်းတင်းကျပ်ကျပ် လုပ်လာတာရှိတယ်။ ကညင်ချောင်းကုန်သွယ်ရေးလည်း ပြန်လည် မလည်ပတ်နိုင်သေးသလို တောင်ပြိုတို့၊ ဗန္ဓုလ(ဘောင်ဒူလာ) ဘက်တို့မှာလည်း ဘင်္ဂလာဖက်က လုံခြုံရေးတိုးမြှင့်ပြီး ရခိုင်ကို ပို့မယ့်ကုန်စည်တွေကို ဖမ်းဆီးနေတာတွေ ရှိတယ်။ ရခိုင်ဖက်ကလည်း ပို့ကုန်တွေလည်း တစ်ခုမှ ပို့လို့မရဘူး" ဟု AA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်တို့ကြား ကုန်သွယ်မှုမှာ တရားဝင်မဟုတ်သော်လည်း ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှ စ၍ နှစ်ဖက်ကုန်သွယ်များကြား ကုန်သွယ်ရေးလုပ်ငန်းများကို စတင်နေကြခြင်းဖြစ်သည်။

ကညင်ချောင်းကုန်သွယ်ရေး ဆိပ်ကမ်းကနေ ရခိုင်ဘက်မှ ဆန်၊ ကွမ်းသီး၊ ငါးခြောက်၊ ကဏန်း၊ သစ်စသည့် ကုန်များတင်ပို့ပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှ အခြေခံစားသုံးကုန်များ ရခိုင်ပြည်သို့ တင်သွင်းနေခြင်းဖြစ်သည်။

သို့သော် ကညင်ချောင်းကုန်သွယ်ရေးမှာ ဧပြီလမှ စ၍ ရပ်တန့်နေပြီး တောင်ပြို၊ ဗန္ဓုလ(ဘောင်ဒူလာ) နှင့် အခြားနေရာများကနေ ကုန်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့ကြသည်။

လက်ရှိတွင် တောင်ပြို၊ ဗန္ဓုလ(ဘောင်ဒူလာ) ကုန်သွယ်ရေးမှာလည်း ရပ်တန့်နေသဖြင့် မောင်တောနယ်စပ်တွင် ကုန်အဝင်အထွက်မရှိတော့ဘဲ ကုန်သွယ်ရေးလုပ်ငန်းများ ကျဆင်းသွားကြောင်း ကုန်သည်များက ပြောကြသည်။

"ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အရင်ကတည်းက သူတို့ဖက်က လုံခြုံရေးတွေ တိုးမြင့်ထားတာ ဖြစ်တယ်။ အခု ဒီရက်ပိုင်းကတော့ ကုန်သွယ်မှုက လုံးဝကို ထိုးဆင်နေတယ်လို့ ပြောလို့ရတယ်။ အဓိက ရာသီဥတု ဆိုးရွားတာကြောင့်လည်း ပါတယ်။ ကုန်သွယ်မှုက ၅ ရာခိုင်နှုန်းလောက်တောင် မရှိဘူးလို့ ပြောလို့ရတယ်။ ကုန်အဝင်ရော၊ ကုန်အထွက်ပါ လုံးဝနီးပါး ရပ်တန့်နေကြတယ်" ဟု မောင်တောမြို့နယ်မှ ကုန်သည်တစ်ဦးက ပြောသည်။

ရခိုင် - ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးလုပ်ငန်းများ ရပ်တန့်နေသည့် အကြောင်းအရင်းကို အတိအကျမပြောနိုင်သော်လည်း ထိုသို့ ရပ်တန့်နေခြင်းမှာ AA နှင့် ဘင်္ဂလားဒေ့ရှ် အစိုးရတို့ကြား ဆက်ဆံရေးအပေါ်မူတည်နိုင်သည်ဟု နိုင်ငံရေးအကဲခတ်သူတို့က သုံးသပ်နေကြသည်။

တိုက်ပွဲစတင်ချိန်မှ စ၍ စစ်ကောင်စီက ရခိုင်ဒေသကို ကုန်သွယ်ရေးလမ်းများ ပိတ်ဆို့ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့နှင့် ကုန်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေခြင်းဖြစ်သည်။

လက်ရှိ ရခိုင် - ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးရပ်တန့်နေသလို အိန္ဒိယကုန်သွယ်ရေးလမ်းကြောင်းမှာလည်း မိုးတွင်းကာလ ကုန်စည်သယ်ရာ၌ အခက်အခဲများရှိနေသဖြင့် ဒေသတွင်း ကုန်ပစ္စည်းပြတ်လပ်ကာ ဈေးနှုန်းမြင့်တက်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...