စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့သည် စစ်မှုထမ်းရန်အတွက် နေ့စဉ်ပေါ်တာဆွဲ ဖမ်းဆီး မှုများ ဆက်ရှိနေသောကြောင့် မြို့ခံပြည်သူများအကြား စိုးရိမ်မှု မြင့်တက်လာသည်ဟု ကလေးမြို့များထံမှ သိရသည်။
ယခုလဆန်းပိုင်းက ကလေးမြို့ ကြို့သုံးပင်ရပ်ကွက်တွင် လူငယ်အမျိုးသား ၆ ယောက်ကို အရပ်ဝတ် ဝတ်ဆင်ထားသော စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြန်လည်ရွေးထုတ်၍ မရခဲ့ကြောင်း ဖမ်းဆီးခံရသူတစ်ဦး၏ မိသားစုဝင် တစ်ဦးက ပြောသည်။
“တူလေးရဲ့ အသက်က နှစ်ဆယ်ကျော်ပဲရှိသေးတာနော်။ သူအဖမ်းခံရတာက သောကြာနေ့ညနေပိုင်းမှာ ဒီကြို့သုံးပင် ရပ်ကွက်ဖက်မှာပဲ သူတို့(စကစ) တွေက ယူနီဖောင်းအပြည့်နဲ့မဟုတ်ဘူး။ အရပ်ဝတ်၊ အိမ်စီးကားနဲ့ လမ်းဘေးမှာ ကားထိုးရပ်ပြီး လာတဲ့လူငယ်တွေကို ဖမ်းတာ အဲ့မှာ သူလဲပါသွားတာ။ အဲ့နေ့ညနေက (၆) ယောက်ပါတယ်။ သူတို့တွေကို စုပေါင်းရုံမှာထားကြတယ်။ စနေနေ့မနက်မှပဲ လာခဲ့ကြဆိုပြီး တာဝန်ရှိတဲ့သူကပြောတော့ မနက်သွားတယ်။ ဟိုရောက်တော့ ကျမတို့လဲ ငွေပေးတာ လက်မခံဘူး။ တကယ်လွတ်ချင်ရင် လူအစားထိုးခေါ်လာခဲ့ ဒါဆိုရင် အဆင်ပြေတယ်။ လွှတ်ပေးမယ်ဆိုပြီး ပြောတာနော်။ အခြေအနေတွေက အရင်ထက် ကြပ်လာတဲ့ သဘောလို့မြင်တယ်။” ဟု ၎င်းက ပြောသည်။
အဆိုပါ လူငယ်သည် ပြီးခဲ့သည့် ဇူလိုင် (၄) ရက်နေ့က ကလေးမြို့၊ ကြို့သုံးပင်ရပ်ကွက်တွင် ဆေးဝယ်ထွက်ရင်း ဖမ်းဆီးခံရပြီး ၎င်းနှင့်အတူ အသက် (၂၀) ဝန်းကျင်အရွယ် လူငယ် (၆) ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ကလေးမြို့ပေါ်တွင် ဖမ်းဆီးခံရသူများစုကို စစ်ကောင်စီတပ်ဖွဲ့သည် စုပေါင်းရုံးတွင် ကြာရှည်စွာမထားတော့ဘဲ အခြားဒေသက စစ်သင်တန်းရှိရာကို ပို့ဆောင်လေ့ရှိသည်ဟု ကလေးမြို့က စစ်မှုထမ်းဟောင်း အမျိုးသားတဦး ကပြောသည်။
“အခုမြို့ထဲမှာ လိုက်ဖမ်းတဲ့အဖွဲ့က မူးယစ်ရုံးက စစ်သားတွေပဲ ပြီးရင် ပျူတွေနဲ့ ပေါင်းပြီး တမြို့လုံးကို ပတ်ပြီးတော့ ဖမ်းနေတာ။ အခုအဖမ်းခံရတဲ့သူတွေကို ငွေပေးပြီးတော့ လွတ်တယ်ဆိုတဲ့သတင်းက အထက်ကို ရောက်သွားတော့ သူတို့ပြောတဲ့ တန်ပြန်ထောက်လှမ်းမှုတွေပြန်လုပ်လာတဲ့အခါမှာ ဖမ်းခံရတဲ့သူတွေ ငွေနဲ့ ပြန်ရွေးဖို့က ခက်လာတယ်။ ဒါကြောင့် ဖမ်းပြီးရင် သူတို့လေယာဉ်လာတဲ့အချိန် ကြုံတဲ့သူကတော့ တခါးထဲ အပို့ခံရတာ အဝေးကို၊ အနည်းဆုံးတော့ သုံးရက်အတွင်းထိ ရွေးတာအဆင်မပြေရင်တော့ လွတ်ဖို့က ခက်လာတယ်။” ဟု စစ်မှုထမ်းဟောင်း အမျိုးသားတဦးက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဇူလိုင်လမှစတင်ပြီး မြို့ပေါ်ရပ်ကွက်ဖြစ်သည့် တောင်ဖီလာ၊ မြို့လှ၊ ကြိုးသုံးပင်၊ မွန်လိုင်နှင့် တာဟန်းရပ်ကွက်တို့တွင် နေ့စဉ်နီးပါးဖမ်းဆီးနေကာ တရက်တွင်အနည်းဆုံး လူဦးရေ ၁၀ ဂဏန်းအထိ ဖမ်းဆီးနေသည်ဟု ရပ်ကွက်နေပြည်သူများက ပြောသည်။
ဇူလိုင် (၆) ရက်နေ့တွင်လည်း တာဟန်းရပ်ကွက်တွင် လူငယ် (၁၀) ဦးကျော်ဖမ်းဆီးခဲ့သည့်အပြင် မွန်လိုင် ရပ်ကွက်ရှိ အရက်ဆိုင်တဆိုင်အား စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဝင်ရောက်စီးနင်းခဲ့ကာ အမျိုးသား (၉) ဦးတို့ကိုလည်း ဖမ်းဆီးခဲ့သည်ဟု သိရသည်။







