ရွေးကောက်ပွဲရှေ့ဆက်ရေး စစ်ကောင်စီနှင့် လိုက်ပါလုပ်ဆောင်သူများ တာဝန်ခံရမည်ဖြစ်ဟု KNU သတိပေး

ရွေးကောက်ပွဲရှေ့ဆက်ရေး စစ်ကောင်စီနှင့် လိုက်ပါလုပ်ဆောင်သူများ တာဝန်ခံရမည်ဖြစ်ဟု KNU သတိပေး

ရွေးကောက်ပွဲ ရှေ့ဆက်လုပ်ဆောင်နိုင်ရေးအတွက် စစ်ကောင်စီနှင့် အလိုတူ လိုက်ပါလုပ်ဆောင်သူများ မိမိတို့လုပ်ရပ်အပေါ် တာဝန်ခံရမည်ဖြစ်ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးပြောခွင့်ရ ပဒိုစောတောနီးက သတိပေးပြောဆိုလိုက်သည်။

ယခုနှစ် ဒီဇင်ဘာမှစပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ပြုလုပ်ကျင်းပနိုင်ရေး ကြိုးပမ်းနေသည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲအပေါ် ကေအဲန်ယူ၏ သဘောထားမှတ်ချက်ကို ယမန်နေ့ ဇူလိုင်လ ၇ ရက်နေ့က ကေအိုင်စီနှင့် သီးသန့်အင်တာဗျူးအတွင်း မေးမြန်းရာတွင် ပဒိုစောတောနီးမှ ဖြေကြားသွားခြင်းဖြစ်သည်။

၎င်းက “ရွေးကောက်ပွဲရလဒ်၊ ရွေးကောက်ပွဲပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ဆိုးကျိုးကတော့ ကောင်းကျိုး ထက်များမယ်။ ဒါကြောင့် ဒီဟာကို လုံးဝအားမပေးဖို့ ကျနော်တို့ပြောထားပြီးသားဖြစ်ပါတယ်။ နားမထောင်ဘဲ ဆက်လုပ်သွားမယ်ဆိုရင် နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် အရပ်ရပ်ဟာ စစ်ကောင်စီနဲ့ အလိုတူ အလိုပါ လုပ်တဲ့သူတွေ ပြည်တွင်း ပြည်ပမှာ တာဝန်ယူလုပ်နေတဲ့သူတွေကပဲ အကုန် တာဝန်ခံသွားရမှာပါ” ဟု ပဒိုစောတောနီးက ပြောသည်။

လက်ရှိ စစ်ကောင်စီကရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းပြီး၍ ၎င်းတို့ထံ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၇၇ ခု အနက် ပါတီ ၅၀ ကျော်ကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပြုထားသည်။ ထိုအထဲတွင် ကရင်အမျိုး သားဒီမိုကရက်တစ်ပါတီ-KNDP၊ ကရင်ပြည်သူ့ပါတီ-KPP စသည့် ကရင်နိုင်ငံရေး ပါတီများလည်း ပါဝင်နေသည်။

ရွေးကောက်ပွဲကော်မရှင်အနေဖြင့် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၂၆၇ မြို့နယ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ကနဦးကြေညာထားသော်လည်း ပြုလုပ်မည့်မြို့ နယ်စာရင်းအသေးစိတ်နှင့် ရွေးကောက်ပွဲဥပဒေများကို ယနေ့ထက်ထိ ထုတ်ပြန်လာခြင်းမရှိသေးပေ။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP ပါတီကမူ ကရင်ပြည်နယ်အတွင်း ပြုလုပ်မည့် မြို့နယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု တောနော် FM ၏ ဇူလိုင်လ ၄ ရက်နေ့ သတင်းဖော်ပြချက်မှတဆင့် ဆိုထားသည်။

ကရင်ပြည်နယ်၌ အုပ်ချုပ်ရေး၊ စစ်ရေး လုပ်ဆောင်နေသည့် ကေအဲန်ယူက စစ်ကောင်စီ၏ လက်ရှိ ရွေးကောက်ပွဲသည် အာဏာသိမ်းမှုကြောင့် ပျက်စီးသွားပြီဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံပေါ်တွင်သာ အခြေခံနေပြီး စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေသဖြင့် ကန့်ကွက်ကြောင်း ကရင်နေ့ထူးနေ့မြတ်ပွဲအခမ်းအနားများတွင်ပါ ပြောဆိုလာသည်။

“ကျနော်တို့နားလည်တာ ဒီရွေးကောက်ပွဲက သူတို့ရဲ့ ပျက်စီးသွားပြီဖြစ်တဲ့ ၂၀၀၈ ကိုပဲ အခြေခံထားတာ။ ဒါက စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရုံသာမကဘူး၊ စစ်အာဏာရှင်စနစ်ကို အတိအလင်း တည်ဆောက်ထားတာ ဖြစ်တဲ့အတွက် ဒီရွေးကောက်ပွဲက ကျနော်တို့ရဲ့ အကျိုးစီးပွားနဲ့ လုံးဝဆန့်ကျင်ဘက်ပဲဖြစ်နေတယ်။ ကျနော်တို့ လက်ခံမှာမဟုတ်ဘူး။” ဟု ကေအိုင်စီနှင့် အင်တာဗျူးအတွင်း ပဒိုစောတောနီးက ဖြည့်စွက်ပြောသည်။

တဖက်မှာ အပစ်မရပ်သည့် စစ်ကောင်စီက ရွေးကောက်ပွဲကိစ္စ အဓိကထား ဆွေးနွေးရန် ငြိမ်းချမ်းရေးဖိုရမ်-၂၀၂၅ အဖြစ် ပြီးခဲ့သည့်လက ပြုလုပ်ခဲ့ပြီးနာက်ပိုင်းတွင် ၎င်းနှင့် အတိုက်အခံဖြစ်နေသည့် တိုင်းရင်းသား လက်နက်ကိုင်များ၊ တော်လှန်ရေးတပ်ဖွဲ့များကို လက်နက်ချ ကမ်းလှမ်းမှု ဆက်တိုက်လုပ်နေသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူများကမူ စစ်တပ်၏ နိုင်ငံရေးထွက်ပေါက်က ရွေးကောက်ပွဲမဟုတ်ဘဲ နိုင်ငံ့အရေးမှာ ဝင်မစွက်ဖက်ရန်၊ သက်ဆိုင်သူများပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုများဖြစ်ပေါ်လာရေးကသာ ငြိမ်းချမ်းရေးအတွက် အဓိကကျကြောင်း သုံးသပ်ပြောဆိုကြသည်။

လူ့ဘောင်သစ်ဒီမိုကရေစီတစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က “ဒီရွေးကောက်ပွဲကို ကျနော်တို့ အားလုံးက မျှော်လင့်နေလို့မရဘူး။ ဒီရွေးကောက်ပွဲက ကျနော်တို့အားလုံးက ပယ်ရမယ့် ရွေးကောက်ပွဲဖြစ်တယ်။ ကျနော်တို့ တိုင်းပြည်ကို တကယ်ပဲ ငြိမ်းချမ်းစေချင်တယ်ဆိုရင် ဒီပြဿနာတွေကို တကယ်ပဲ ပြေလည်စေချင်တယ်ဆိုရင် ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေး အင်အားစုတွေ၊ အထူးသဖြင့် လူမျိုးစု လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ ဒီကြားမှာ တွေ့ဆုံဆွေးနွေးပြီးတော့ ကျနော်တို့ တိုင်းပြည်ကို ဘယ်လို ရှေ့ဆက် တည်ဆောက်မလဲဆိုတဲ့ကိစ္စကို ဝိုင်းဝန်းအဖြေရှာဖို့က အရေးကြီးဆုံးပဲလို့ ကျနော် အဲလိုယူဆပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ကေအဲန်ယူအပါအဝင် အတိုက်အခံအင်အားစုများဘက်က ရွေးကောက်ပွဲအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်မှုများ လုပ်ဆောင်နေသည့်ကြားထဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီများ၏ တောင်းဆိုချက်အရ ၎င်းတို့လုံခြုံရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အကာအကွယ် အထူးဥပဒေပြဌာန်းရေး စစ်ကောင်စီက စီစဉ်နေကြောင်းလည်း ရွေးကောက်ပွဲ အနီးကပ်သတင်းစောင့်ကြည့်ရေးသားသည့် မီဒီယာတချို့တွင် ဖော်ပြသည်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...