ဆေးဝါးတင်သွင်းခွင့် ကန့်သတ်ချက်ကြောင့် စစ်တွေတွင် ဆေးဝါးပြတ်လပ်လာ

ဆေးဝါးတင်သွင်းခွင့် ကန့်သတ်ချက်ကြောင့် စစ်တွေတွင် ဆေးဝါးပြတ်လပ်လာ

စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သော ရခိုင်ပြည်မြို့တော် စစ်တွေမြို့တွင် အခြေခံဆေးဝါးများ ပြတ်လပ်မှု ဖြစ်ပေါ်လာသဖြင့် ဒေသခံများ ကျန်းမာရေးအတွက် အခက်အခဲရှိလာနေကြောင်း သတင်းရရှိသည်။

စစ်တွေမြို့အတွက် လိုအပ်သည့်ဆေးဝါးများကို ရန်ကုန်က မှာယူသုံးစွဲနေခြင်းဖြစ်ကာ ယခုဇွန်လအတွင်း စစ်ကောင်စီက စစ်တွေမြို့ကို ဆေးဝါးတင်သွင်းခွင့် ကန့်သတ်ခဲ့သည်။ လက်ရှိတွင် အခြေခံဆေးဝါးများအပြင် နာတာရှည်ရောဂါသည်များ ပုံမှန်မှီဝဲနေရသည့် ဆေးဝါးများပါ ပြတ်လပ်နေကြောင်း သိရသည်။

“သားလေးဖျားလို့ ဘိုင်အိုဂျက်ဆစ်နဲ့ ဓာတ်ဆားရှာတာ ရှာမရလို့ ရန်ကုန်က အရေးပေါ် ဆေးမှာလိုက်ရတယ်။ အခုမိုးရာသီဆိုတော့ အိမ်မှာ နှာစေးချောင်းဆိုးတွေ ဖြစ်ကြတယ်။ ဒါအတွက် သောက်ဖို့ ဆေးလည်းရှာမရဘူး” ဟု စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက DMG ကိုပြောသည်။

စစ်တွေမြို့တွင် ဆေးဝါးပြတ်လပ်မှုကြောင့် သက်ကြီးပိုင်း နှလုံးရောဂါသည် အမျိုးသမီးတစ်ဦးမှာ မေလအတွင်းက သေဆုံးခဲ့ရကြောင်း မိသားစုဝင်တစ်ဦးက DMG ကိုပြောသည်။ (သေဆုံးသူ၏ အမည်နှင့် ရပ်ကွက်ကို မဖော်ပြရန် သတင်းရင်းမြစ်က တောင်းဆိုထားသည်)

“အဘွားဆိုရင် နှလုံးရောဂါသည်။ ဆေးရှာမရလို့ မေလအတွင်းက ဆုံးသွားတယ်။ ဆေးရုံရော၊ အပြင်က ဆေးဆိုင်တွေမှာပါ လိုတဲ့ဆေးတွေမရှိဘူး။ လက်လှမ်းမီသမျှ ရှာကြံကုသပြီးနေခဲ့တာ။ ဆေးနည်းနည်းလောက် အဆင်ပြေမယ်ဆိုရင် အခုလောက်ဖြစ်မှာ မဟုတ်ဘူး” ဟု စစ်တွေမြို့ခံ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

ရခိုင်တွင် မြို့သိမ်းတိုက်ပွဲ မစတင်မှီကတည်းက ဆေးဝါးအပါအဝင် ကုန်စည်စီးဆင်းမှုကို စစ်ကောင်စီက ပိတ်ဆို့ ဖြတ်တောက်ခဲ့သည်မှာ တစ်နှစ်ကျော်အထိ ကြာမြင့်လာပြီဖြစ်သည်။ စစ်တွေဒေသခံများမှာ စစ်ကောင်စီက အကန့်အသတ်ဖြင့် ခွင့်ပြုထားသည့် ရန်ကုန်မှ ကုန်သင်္ဘောများကိုသာ မျှော်ကိုးနေရသည်။

လက်ရှိတွင် ရန်ကုန်မှ စစ်တွေသို့ ရေကြောင်းမှ ဆေးဝါးသယ်ယူခွင့်ကို လုံးဝပိတ်ပင်ထားကာ လေကြောင်းဖြင့် ဆေးဝါးသယ်ယူမည် ဆိုပါကလည်း ဆရာဝန်တစ်ဦး (သို့မဟုတ်) ဆေးရုံအထောက်အထားပါရှိမှသာ အကန့်အသတ်ဖြင့် သယ်ယူခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

“ပထမက လေယာဉ်နဲ့ဆေးတွေကို ပုံမှန်ယူလို့ရနေတယ်။ ဒီလကစပြီး ဆေးသယ်ခွင့်ကို ကန့်သတ်ထားတယ်။ ဆေးဝါးကတော့ အရမ်းအခက်အခဲ ဖြစ်နေကြတယ်” ဟု စစ်တွေမြို့မှ ရန်ကုန်မြို့တွင် စစ်ဘေးရှောင်နေသည့် အမျိုးသမီးတစ်ဦးကပြောသည်။

စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများကြောင့် မြို့အတွင်းနေထိုင်သူများမှာ ရန်ကုန်အပါအဝင် မြို့ကြီးများကို တိမ်းရှောင်ခဲ့ကြသည်။ အခြေခံ လက်လုပ်လက်စားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများသာ မြို့အတွင်း ကျန်ရှိနေပြီး လူဦးရေအတိအကျကို မသိရပေ။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...