စိုင်းဒင်အထက်ပိုင်းက ကျေးရွာများတွင် ကလေးအသေမွေးဖွားနှုန်း မြင့်တက်နေ

စိုင်းဒင်အထက်ပိုင်းက ကျေးရွာများတွင် ကလေးအသေမွေးဖွားနှုန်း မြင့်တက်နေ

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ် စိုင်းဒင်အထက်ပိုင်းရှိ ကျေးရွာများတွင် ကလေးအသေမွေးဖွားမှုများ ယခုနှစ်အတွင်း သိသိသာသာတိုးလာနေကြောင်း DMG က စုံစမ်းသိရှိရသည်။

ဝေးလံခေါင်ဖျားဒေသဖြစ်သော စိုင်းဒင်အထက်ပိုင်းကျေးရွာများမှ ကိုယ်ဝန်ဆောင်မိခင်များမှာ ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာမရရှိကြသဖြင့် ကလေးအသေမွေးဖွားမှုများရှိလာခြင်းဟု ကျန်းမာရေး အသိုင်းအဝိုင်းကပြောသည်။

ကျေးရွာ ၁၈ ရွာခန့်ရှိသော စိုင်းဒင်အထက်ပိုင်းက ကျေးရွာများတွင် ယခု ၂၀၂၅ ခုနှစ်အတွင်း ကလေးအသေ မွေးဖွားမှုဖြစ်စဉ် ၅ ကြိမ်ထက်မနည်းရှိလာကြောင်း DMG က စုံစမ်းသိရှိရသည်။

“ကိုယ်ဝန်ဆောင်တစ်ယောက်မှာ ရှိသင့်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ မရရှိဘူး။ ဒီဒေသက လမ်းခရီးခေါင်းပါးတယ်။ ဆေးရုံဆေးခန်းနဲ့လှမ်းတယ်။ ဒါရဲ့နောက်ဆက်တွဲကြောင့်ပဲ ကလေးတွေ သေဆုံးလျက်ပဲ မွေးလာကြတာ” ဟု ရခိုင်က ကျန်းမာရေးဝန်ထမ်းတစ်ဦးက DMG ကို ပြောသည်။

စိုင်းတင်အထက်ပိုင်းမှ ကျေးရွာများတွင် ခမီနှင့် မြိုလူမျိုးများ အများဆုံးနေထိုင်ကြပြီး စိုက်ပျိုးရေးနှင့် တောတောင်ကို အမှီပြုကာ စားဝတ်နေရေးကို ဖြေရှင်းကြသည်။

စိုင်းတင်အထက်ပိုင်းကျေးရွာများမှ ဆေးရုံဆေးခန်းရှိရာနေရာသို့ သွားရောက်မည်ဆိုပါက ကုန်းလမ်းခရီး၊ ရေလမ်းခရီးတို့ဖြင့် ၅ နာရီခန့်ကြာ အဆင့်ဆင့်သွားလာရသဖြင့် ကျန်းမာရေးလက်လှမ်းမှီမှု မရှိကြပါ။ ခရီးစရိတ်မှာလည်း ငွေကျပ်ငါးသိန်းထက်မနည်း ကုန်ကျမှုရှိသဖြင့် ဆေးဝါးကုသမှုခံယူရန် အခက်အခဲရှိကြသည်။

“ဝင်ငွေက နေ့တိုင်းမရှိဘူး။ ဒါကြောင့် တစ်ခုခုဖြစ်ရင် ဆေးကုသမှုခံယူဖို့ ငွေကြေးမရှိဘူး။ လမ်းခရီးကဝေးတော့ စရိတ်တွေလည်းကြီးတယ်” ဟု ဘူးသီးတောင်မြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဘူးသီးတောင်မြို့နယ်တွင် ကလေးအသေမွေးဖွားမှုများအပြင် ကလေးနှင့်မိခင်ပါ အသက်ဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်လည်းရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ (အသက်ဆုံးရှုံးခဲ့ရသည့် ကလေးနှင့် မိခင်၏ အမည်နှင့် ကျေးရွာများကို မဖော်ပြရန် သတင်းရင်းမြစ်က တောင်းဆိုထားသည်။)

“ကိုယ်ဝန်ဆောင်တစ်ယောက် ကလေးမွေးမယ့်အချိန်မှာ အရေးပေါ်သွေးလိုနေလို့ ကျမ သွေးလှူဖို့ ဆေးရုံကို သွားတာ။ အဲဒီမှာ ကိုယ်ဝန်ဆောင်ရဲ့ ဗိုက်ထဲက ကလေးက သေဆုံးလျက်ပဲ မွေးတာကိုတွေ့ခဲ့ရတယ်။ အဲဒီကလေးကိုမွေးလို့ နာရီပိုင်းပဲခြားတယ်။ မိခင်ပါ ဆုံးသွားပြန်တယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် သိပ်စိုးရိမ်စရာဖြစ်တယ်” ဟု ဘူးသီးတောင်မြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင်တွင် မြို့သိမ်းတိုက်ပွဲများစတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ စစ်ကောင်စီက ရခိုင်ပြည်သို့ ကုန်းလမ်း၊ ရေလမ်းခရီးကို ကန့်သတ်ပိတ်ဆို့ထားမှုကြောင့် ဒေသတွင်း လူသုံးကုန်ပစ္စည်းရှားပါးမှုအပြင် ဆေးဝါးရှားပါးသည့် ပြဿနာနှင့် ရင်ဆိုင်နေကြရသည်။

ထို့ကြောင့် ရခိုင်ပြည်အတွင်းက ကိုယ်ဝန်ဆောင်မိခင်များနှင့် ၂ နှစ်အောက် ကလေးများမှာ ကာကွယ်ဆေး မထိုးရသဖြင့် စိုးရိမ်မှုများရှိနေကြသည်။

July 27, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်...
July 25, 2026
ရခိုင်ပြည်အတွင်း ယခုရက်ပိုင်း၌ ဆန်ဈေးနှုန်းများ မြင့်တက်လာနေကြောင်း...
July 24, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦး...
July 22, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသတွင် ကျေးရွာပေါင်း ၃၀ ကျော်ရှိသော်လည်း...