ဖားကန့်တွင် စစ်ရှောင်နေရသည့် ရခိုင်ရွှေ့ပြောင်းလုပ်သားအများအပြား အကူအညီလိုအပ်နေ

ဖားကန့်တွင် စစ်ရှောင်နေရသည့် ရခိုင်ရွှေ့ပြောင်းလုပ်သားအများအပြား အကူအညီလိုအပ်နေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားနေသဖြင့် ဒေသခံများနှင့်အတူ ရခိုင်ရွှေ့ပြောင်းလုပ်သားများမှာလည်း စစ်ဘေးတိမ်းရှောင်နေကြရပြီး အရေးပေါ်အကူအညီ လိုအပ်နေကြောင်း သိရသည်။

ဖားကန့်မြို့ပေါ်ရှိ ခရစ်ယာန်ဘုရားကျောင်းများနှင့် ဘုန်းကြီးကျောင်းများတွင် လူဦးရေ ၃,၀၀၀ ခန့် စစ်ဘေးတိမ်းရှောင်နေကြပြီး ယင်းအထဲတွင် ရခိုင်က ရွှေ့ပြောင်းလုပ်သား ရာနှင့်ချီပါဝင်ကြောင်း DMG က စုံစမ်းသိရှိရသည်။

“ဘုရားကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင်တွေ ခိုလှုံနေကြပါတယ်။ တိုင်းရင်းသားတွေကတော့ အစုံပါပဲ။ ဗုဒ္ဓဘာသာတွေဆိုရင်တော့ ဘုန်းကြီးကျောင်းမှာနေ၊ ခရစ်ယာန်တွေဆိုရင်တော့ ဘုရားကျောင်းမှာ နေပေါ့။ ရခိုင်တွေလည်း အများစုပါပါတယ်” ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက DMG ကို ပြောသည်။

တိုက်ပွဲကြောင့် ဖားကန့်မြို့ပေါ်တွင် နေထိုင်သူများမှာလည်း စိုးရိမ်စိတ်များကြောင့် ဘေးလွတ်ရာကျေးရွာများနှင့် ဆွေမျိုးသားချင်း နေအိမ်များတွင် စစ်ဘေးတိမ်းရှောင်နေကြကြောင်းလည်း သိရသည်။

ဖားကန့်မြို့နယ်တွင် ကျောက်စိမ်း၊ ရွှေတူးဖော်ရေးလုပ်ငန်းခွင်များအပြင် ရာဘာ၊ ကျွန်း၊ ငှက်ပျော စသည့် စိုက်ပျိုးရေး လုပ်ငန်းခွင်များ၌ ရခိုင်ရွှေ့ပြောင်းလုပ်သား သိန်းနှင့်ချီ လုပ်ကိုင်နေကြောင်း ကချင်ပြည်နယ်ရှိ ရခိုင်တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်း၏ စာရင်းအရသိရသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် မြစ်ကြီးနားနှင့် မန္တလေးဘက်မှ ဖားကန့်သို့လာသည့် ကုန်စည်လမ်းကြောင်းများမှာ ပိတ်ဆို့နေပြီး ကုန်ဈေးနှုန်း မြင့်တက်လျက်ရှိနေသည်။ အလုပ်အကိုင်ရပ်နားထားရပြီး စစ်ဘေးတိမ်းရှောင် နေရသည့် ရခိုင် ရွှေ့ပြောင်းလုပ်သားများမှာ စားဝတ်နေရေးအတွက် အခက်အခဲကြုံနေရကြောင်း သိရသည်။

“ဒေသခံ ကချင်မျိုးနွယ်တွေကျတော့ ဘာသာရေး အသင်းတော်တွေကနေ ကူညီထောက်ပံ့တာမျိုးတွေရှိတော့ နည်းနည်းခံသာတယ်။ ရခိုင်နဲ့ တခြားရွှေ့ပြောင်းလုပ်သားတွေကတော့ ဒီကာလဟာ အရမ်းခက်ခဲတဲ့ကာလပါ။ ကုန်ဈေးနှုန်းတွေ မြင့်တက်တော့ စားရမဲ့သောက်ရမဲ့ အခြေအနေအထိ ဆိုးဝါးနေတာရှိတယ်” ဟု နောက်ထပ် ဖားကန့်ဒေသခံ နောက်ထပ်အမျိုးသားတစ်ဦးက ပြောသည်။

ဖားကန့်မြို့နယ်ကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် KIA၊ PDF တပ်တို့ကြား ပြီးခဲ့သည့်ဧပြီလမှ စတင်ကာ လဝါး၊ ကာမိုင်းနှင့် နန့်ယားကျေးရွာများအနီးတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒေသခံများအပါအဝင် ရွှေ့ပြောင်းလုပ်သားများမှာ စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။

ယင်းနောက် ဇွန်လပထမပတ်ကစ၍ ဖားကန့်မြို့အနီးရှိ လုံးခင်း၊ မော်ဆီစာ ကျေးရွာများအပါအဝင် အမှိုက်ပုံ၊ တောင်ယာကုန်း၊ သာယာကုန်းနှင့် ကုဋေကျေးရွာ အနီးဝန်းကျင်တွင်လည်း တိုက်ပွဲများဖြစ်ပွားနေသည်။

အဆိုပါတိုက်ပွဲများကြောင့် ကျောက်စိမ်းနှင့် ရွှေတူးဖော်ရေးလုပ်ငန်းခွင်များ ရပ်နားထားရပြီး ယင်းလုပ်ငန်းများကို မှီခိုနေရသူများမှာလည်း အခက်အခဲဖြစ်နေကြသည်။

April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...