ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ဗိုလ်အဆင့်အပါအဝင် အောက်ခြေတပ်သားများအထိ အမိန့်နာခံမှုမရှိဘဲ တိုက်ပွဲဝင်ရန် ငြင်းဆန်နေကြရာမှ အထက်အရာရှိကြီးများ သေဆုံးနေရခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“စစ်ကောင်စီမှာ အောက်ခြေအဆင့်က အမိန့်မဝင်တော့ဘူးလို့ သိရတယ်။ ရှေ့တန်းက ဦးဆောင်တဲ့ ဗိုလ်အဆင့်တွေတောင် ထွက်ပြေးမှုများလာတယ်။ ထိန်းမရသိမ်းမရဖြစ်လာတယ်။ အမိန့်မနာခံကြတော့ဘူး။ ဒါကြောင့် နောက်ကနေ ညွှန်ကြားနေတဲ့ စစ်ကောင်စီအထက်အရာရှိတွေက စနိုက်ဘာထိမှန်သေဆုံးတာတွေ ဖြစ်လာတယ်။ ရှေ့မှာ တိုက်မယ့်သူမှမရှိတာ။ အများစုက တိုက်ပွဲဖြစ်ရင် တပ်ရင်းထဲကိုဝင်ပြေးကြတယ်။ ပီးရင် အစုလိုက်၊ အစုလိုက်၊ တစ်စုပြီးတစ်စု အလင်းဝင် ထွက်ပြေးနေကြတာတွေလည်းရှိတယ်" ဟု ပြောသည်။
များမကြာမီရက်ပိုင်းအတွင်းကလည်း သေနတ်ဒဏ်ရာရရှိ၍ အရာရှိ ၄ ဦးအား ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် အရေးပေါ်ယူဆောင်သွားရပြီး ထိုအထဲတွင် ကျောက်ဖြူမြို့သို့ နောက်ဆုံးအခေါက် စစ်ကူပို့ခံရသည့် ခမရ (၂၁၁) မှ ဒု-တပ်ရင်းမှူး ဗိုလ်မှူးဝင်းသန့်လည်း မင်္ဂလာဒုံစစ်ဆေးရုံတွင် ဇွန်လ ၉ ရက်နေ့က သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် မေလ ၂၆ ရက်နေ့ကလည်း ကျောက်ဖြူသို့ ဗမာပြည်မှ အင်အားလာဖြည့်ချထားသည့် တပ်မ (၁၁) မှ နည်းဗျူဟာမှူး ဗိုလ်မှူးချုပ် ကျော်မိုးအောင် စနိုက်ပါထိမှန်သေဆုံးခဲ့သလို နောက်ထပ်လည်း တပ်ရင်းမှူးအဆင့် ဗိုလ်မှူးကြီးအဆင့်ထိ သေဆုံးမှုများရှိနေသည်ဟု သိရသည်။
စစ်ကောင်စီ တိုင်းစစ်ဦးစီးမှူး (ပထမတန်း) /ကပအမ - ကြည်း/၃၇၅၃၂ ဒုတိယဗိုလ်မှူးကြီး ကျော်လင်းကြိုင်နှင့် စစ်ကောင်စီတပ်ဖွဲ့ ၁၅ ဦးခန့်အား အာရက္ခတပ်တော် (AA) က ကျောက်ဖြူအတွင်း လက်ရဖမ်းမိခဲ့ခြင်းမှာလည်း အောက်ခြေတပ်သားများ စစ်မတိုက်လိုဘဲ ထွက်ပြေးကြသလို AA ထံ လက်နက်ချသွား၍ဖြစ်ကြောင်း သိရှိရသည်။
၎င်း ဒုတိယဗိုလ်မှူးကြီး ကျော်လင်းကြိုင်ကို ၂၀၂၅ ခုနှစ် မေ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ကျောက်ဖြူမြို့နယ်၊ မင်းတက်တောင်ကျေးရွာမြောက်ဘက် မီတာ (၆၀၀) ခန့်အကွာရှိ စက်မှု၊ လက်မှုသင်တန်းကျောင်းအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း AA ကလက်ရဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီသည် ကျောက်ဖြူမြို့ အမှတ် (၃၂) ရဲတပ်ရင်းတွင် စစ်သားအင်အား ထောင်နှင့်ချီကာ ဖြည့်တင်းထားသော်လည်း တိုက်ပွဲတွင် ကျသူ၊ ထွက်ပြေးသူ၊ လက်နက်ချသူများဖြင့် ပြည့်နေပြီး
အာရက္ခတပ်တော်ထံ လက်နက်ချသူနှင့် ဖမ်းဆီးရမိသူ ၂၀၀ ကျော်ခန့်အထိရှိနေပြီဟု ကျောက်ဖြူ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း နိရဉ္စရာကိုပြောသည်။
"ရဲတပ်ရင်းမှာလည်း အင်အား ထောင်နဲ့ချီဖြည့်ထားတာ။ လက်ရှိအချိန်ထိ အင်အားက ၈၀၀ လောက်ရှိအုံးမယ် ခန့်မှန်းထားကြတယ်။ ရေကြောင်း၊ လေကြောင်းကနေ တိုက်ပွဲမဖြစ်ခင်ကတည်းကနေ အခုတိုက်ပွဲပြင်းနေတဲ့အချိန်အထိ အင်အားဖြည့်နေတာ။ ပြည်မဖက်ကတပ်ရင်းတွေနဲ့ နယ်မြေခံတပ်ရင်းတွေ ပူးပေါင်းပြီး AA ကို တိုက်နေတာ။ ဒရုန်း၊ နေဗီကလည်း ပစ်တယ်။ ဒါပေမယ့် စစ်ကောင်စီဖက်က တဖြည်းဖြည်း စစ်ရေးအရ ကျဆုံးမှုများလာတယ်။ အလင်းဝင်တာနဲ့ ဖမ်းဆီးရမိတာတောင် အေအေဆီမှာ ၂၀၀ လောက်တောင်ရှိမလားဘဲ" ဟု ပြောသည်။
အမှတ် (၃၂) ရဲတပ်ရင်းကို ကျောက်ဖြူမြို့မှ ၆ မိုင်ခန့်အကွာ ပြိုင်းစေ့ကေကျေးရွာအနီး ဒိုးတန်းတောပေါ်တွင်တည်ထားပြီး ၎င်းတပ်ရင်းမှာ ကျောက်ဖြူမြို့အတွက် စစ်ကောင်စီ၏ နောက်ဆုံးခံစစ်ဟု သိရသည်။
၎င်းဒိုးတန်းတောင်ကြောတစ်လျှောက်နှင့် ကျောက်ဖြူ-မအီ ကားလမ်းနှင့် လယ်ကွင်းများပေါ်တွင် ရာနှင့်ချီသည့် စစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်းများ ပြန့်ကျဲလျက်ရှိနေပြီး စစ်ကောင်စီဘက်က အကျအဆုံး များပြားနေသည်ဟု ဒေသခံများကပြောသည်။
ပြီးခဲ့သည့် မေလအတွင်းကလည်း ကျောက်ဖြူမြို့နယ်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မ (၁၁) နှင့် တပ်မ (၉၉) ပူးပေါင်းတပ်ဖွဲ့တစ်ခုလုံး အင်အား ၇၀ ခန့်သည် အာရက္ခတပ်တော် ( AA) ထံ လက်နက်ချ အလင်းဝင်လာခဲ့သည် မြေပြင်သတင်းရင်းမြစ်များက နိရဉ္စရာကို အတည်ပြုပြောဆိုထားသည်။
ကျောက်ဖြူမြို့နယ်အတွင်းက စကစတပ်ရင်းများ အမှတ် (၃၂) တိုက်ခိုက်ရေး ရဲတပ်ရင်း၊ ခလရ (၃၄)၊ ခမရ (၅၄၂) ခမရ (၅၄၃) နှင့် ဓညဝတီရေတပ် ဌာနချုပ်တို့တည်ရှိပြီး ကျောက်ဖြူမြို့ အခြေစိုက်စခန်းများနှင့် တပ်ရင်းများမှာ ယခင် AA သိမ်းပိုက်သွားခဲ့သည့် အမ်း၊ တောင်ကုတ်တို့ရှိ စစ်စခန်းများလောက် ခိုင်ခန့်မှုမရှိကြောင်း စစ်ရေးလေ့လာအကဲခတ်များက ပြောသည်။







