PDF များကို နောင်ချိုမှ တပ်ဆုတ်ခိုင်းခြင်းမရှိဘဲ တိုက်ပွဲပြင်းထန်နေဆဲဟု TNLA ပြော

PDF များကို နောင်ချိုမှ တပ်ဆုတ်ခိုင်းခြင်းမရှိဘဲ တိုက်ပွဲပြင်းထန်နေဆဲဟု TNLA ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် ပြည်သူ့တော်လှန်ရေးတပ် (PDF) များအား တပ်ပြန်ဆုတ်ခိုင်းခြင်းမရှိဘဲ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ယမန်နေ့ ဇွန် ၁၀ ရက်တွင် ပြောသည်။

“ဒီတော်လှန်တပ်တွေ ပြောင်းရွှေ့ခိုင်းတာ ပြန်ဆုတ်ခိုင်းတယ်ဆိုတာက သတင်းတု၊သတင်းမှားသာဖြစ်ပါတယ်။ မနေ့ကထိ အဲ့ဒီ ကံကြီး၊ အုမ္မတီးဘက်မှ အပြန်လှန်ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ဆက်လုပ်နေကြပါတယ်။ တခြားအခြေအနေတွေကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး” ဟု TNLA ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက မဇ္ဈိမကို ယမန်နေ့ ညနေပိုင်းတွင် ပြောသည်။

နောင်ချိုမြို့နယ်၊ ကန်ကြီးကျေးရွာ၊ ပိန္နဲကုန်းကျေးရွာ၊ ရှောက်ခြံကျေးရွာ၊ လက်ပန်ကုန်းကျေးရွာ၊ ညောင်တောကျေးရွာ၊ နောင်ချိုကြီးကျေးရွာ တို့တွင် ဇွန်လ ၇၊ ၈ နှင့် ၉ ရက်နေ့များ၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA က ယမန် နေ့က ထုတ်ပြန်ထားသည်။ နောင်ချိုမြို့တွင် TNLA နှင့်အတူ ဓနုအမျိုးသားလွတ်မြောက်ရေးတပ်ဦး (DPLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များကလည်း စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်နေကြခြင်းဖြစ်သည်။

နောင်ချိုမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ၂၀၂၄ ဇူလိုင် ၁၀ ရက်တွင် TNLA နှင့် မဟာမိတ်တော်လှန်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

နောင်ချိုမြို့သည် စစ်တက္ကသိုလ်များတည်ရှိရာ ပြင်ဦးလွင် နှင့် ၃၅ မိုင် ခန့်သာကွာဝေးပြီး စစ်ကောင်စီက နောင်ချိုကို ပြန်လည်ရရှိရနိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင်မူ နောင်ချိုဒေသတွင်းရှိ ညောင်ပင်သာကုန်း၊ ရေမောင်းကုန်းနေရာများကို ဇွန်လ ၉ ရက်နေ့၌ သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် ဧပြီ ၂၈ ရက်နှင့် ၂၇ ရက်နေ့တို့တွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ ကျင်းပခဲ့သည့် PSLF/TNLA နှင့် စစ်ကောင်စီတပ် ဆွေးနွေးပွဲတွင် စစ်ကောင်စီက TNLA ကို နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်၊ မိုးကုတ် စသည့် မြို့များမှ ပြန်လည်ဆုတ်ခွာရန် တောင်းဆိုထားကြောင်း TNLA မေ ၂ ရက်တွင် ထုတ်ပြန်သည်။

ထိုတောင်းဆိုချက်ကို TNLA က သဘောမတူသဖြင့် ဆွေးနွေးမှုပြီးဆုံးခဲ့ပြီး လာမည့် ဩဂုတ်လတွင် ထပ်မံတွေ့ဆုံမည်ဟု ဖော်ပြထားသည်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း TNLA က မန္တလေးတိုင်း မိုးကုတ်မြို့၊ ရှမ်းပြည်နယ် နောင်ချို၊ သီပေါ၊ ကျောက်မဲ၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုးမိတ်၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း မြို့များကို သိမ်းပိုက်ထားသည်။

April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...
April 21, 2026
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ငါးနှစ်တာသက်တမ်း...