စာသင်ကျောင်းနဲ့ ဘောလုံးကွင်းအတွင်း ရွှေတူးဖော်မှု မမုန်ကိုင်ဒေသခံများ ကန့်ကွက်ဆန္ဒထုတ်ဖော်

စာသင်ကျောင်းနဲ့ ဘောလုံးကွင်းအတွင်း ရွှေတူးဖော်မှု မမုန်ကိုင်ဒေသခံများ ကန့်ကွက်ဆန္ဒထုတ်ဖော်

အင်းတော်ကြီးဒေသ မမုန်ကိုင်ကျေးရွာရဲ့  ရွာပိုင် စာသင်ကျောင်းနဲ့ ဘောလုံးကွင်းမှာ ရွှေတူးဖော်မှုတွေ စတင်လာတာကြောင့် ကျေးရွာခံတွေက လုပ်ငန်းရှင်တွေနဲ့ လုပ်ခွင့်ပေးတဲ့သူတွေကို ဆန္ဒထုတ်ဖော်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

ဇွန်လ ၈ ရက်နေ့ မနက်ပိုင်းမှာ ကျေးရွာအတွင်းက ဘောလုံးကွင်းမှာ ရွာသားများစုဝေးပြီး သာသနာနယ်မြေမကျူးကျော်ရေး၊ ကျေးရွာပိုင်မြေတွေ မကျူးကျော်ရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလာမှာ ရွှေတူးဖော်ဖို့အတွက် KIA  တပ်မဟာ (၉) နဲ့ လုပ်ငန်းရှင်တွေက ညှိနှိုင်းပြီး ရွှေတူးဖော်နိုင်ရေး အကွက်ရိုက်ထားမှုတွေရှိထားပြီး ၄ လအကြာမှ စတင်ပြီး လုပ်ကိုင်လာတာဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ညှိတာ အကွက်တွေဆွဲတာကတော့ နှစ်လပိုင်းလောက်က၊ မထိသေး မလုပ်သေးတော့ မအော်ကြသေးဘူး။ အခုကကြတော့ စလုပ်လာလို့။ ဦးဆောင်တဲ့သူကိုလည်း KIA က လိုက်နေတယ်။ တစ်ရွာလုံးလုပ်ကြ (ဆန္ဒပြ) တော့ ဦးဆောင်သူရှာမရဖြစ်နေတာပေါ့” လို့ ဆန္ဒပြပြီးနောက်ပိုင်း အခြေအနေကို ရွာသားတစ်ဦးက ပြောပါတယ်။

မမုန်ကိုင်ကျေးရွာအတွင်းက လယ်ကွက်များ၊ အိမ်ယာဝင်းများနှင့် နေအိမ်များကို လုပ်ငန်းရှင်များက စျေးအဆမတန်ပေးဝယ်ပြီး ရွှေလုပ်ငန်း လုပ်ကိုင်နေကြတာလည်းဖြစ်ပါတယ်။

လက်ရှိမှာ မမုန်ကိုင်ကျေးရွာနဲ့ အနီးပတ်ဝန်းကျင်မှာပါ ရွှေတူးဖော်မှုကြောင့် ဆိုးဆိုးရွားရွားပျက်စီးနေပြီး ထိန်းသိမ်းမှုတွေ လုပ်ကိုင်ခွင့်မရကြောင်း တက်ကြွတဲ့ ရှမ်းနီလူငယ်တစ်ဦးက ပြောပါတယ်။

“တော်တော်ပျက်စီးနေပြီ။ အခုကလည်း ညှိကြတယ်။ ဘောလုံးကွင်း၊ စာသင်ကျောင်းကို ပတ်ကားပြန်လုပ်ပေးမယ်ပေါ့၊ ဒါပေမယ့် ရွာသားတွေက လက်မခံတာ၊ လက်ရှိလုပ်ကြတဲ့ လုပ်ငန်းရှင်တွေက ဝယ်လုပ်ကြတာ ရွားနားကလယ်ဆိုလဲ ပိုင်ရှင်တွေရှိတော့ အိမ်တွေလည်းဆို ပိုင်ရှင်နဲ့ညှိဝယ်ကြတာ လုပ်ကြတာ ပြဿနာမရှိဘူး။ အခုက ရွာပိုင်မြေဖြစ်လို့ ဘယ်သူမှမပိုင်ဘူး” လို့ သူက ဆိုပါတယ်။

မမုန်ကိုင်ကျေးရွာအနီးတဝိုက်မှာ ရွှေတူးဖော်မှုတွေဟာ ၂၀၂၂ ခုနှစ်မှစပြီး လမ်းများ၊ လယ်ကွက်များအတွင်းထိပါ တူးဖော်ကြပြီး ဒေသအာဏာပိုင်များ၊ လက်နက်ကိုင်တပ်ဖွဲ့များက ထိန်းကွပ်နိုင်ခြင်းမရှိတဲ့ အခြေအနေတစ်ရပ်ဖြစ်တယ်လို့ သိရပါတယ်။

အင်းတော်ကြီးဒေသဟာ ၂၀၁၆ ခုနှစ်မှာ ယူနက်စကိုလ်စာရင်းဝင်ခဲ့တာဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုလုပ်ငန်းတွေဟာ ၂၀၂၁ ခုနှစ် နောက်ပိုင်းကစလို ဆုတ်ယုတ်လာခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

Most read this week

ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...
ရှမ်းနီအသံ (ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသတွင် ရေကြီးနေသည့်ပုံရိပ်များ)
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး...