ကိုဗစ်ရောဂါ ရခိုင်သို့ မကူးစက်စေရေး ကြိုတင်ကာကွယ်ထားရန်လိုအပ်

ကိုဗစ်ရောဂါ ရခိုင်သို့ မကူးစက်စေရေး ကြိုတင်ကာကွယ်ထားရန်လိုအပ်

ပုံစာ - ပြီးခဲ့သည့် ကိုဗစ်ကာလတွင် ရခိုင်ပြည်၊ စစ်တွေပြည်သူ့ဆေးရုံကြီး၌ ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေပုံ။

မြန်မာနှင့် အိမ်နီးချင်းနိုင်ငံများတွင် တကျော့ပြန် ကိုဗစ် ၁၉ မျိုးကွဲသစ်ရောဂါကူးစက်မှု မြင့်တက်နေသဖြင့် ကုန်သွယ်မှုပြုလုပ်နေသော ကုန်သည်များကို ရခိုင်သို့ ဝင်ရာလမ်းများတွင် စစ်ဆေးမှုများ ပြုလုပ်သင့်ကြောင့် ပြောဆိုနေကြသည်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကနေ ရခိုင်ပြည်သို့ ကုန်သည်များ နေ့စဉ်ဝင်ရောက်မှုရှိနေသဖြင့် အချို့လူများတွင် ရောဂါကူးစက်ပြန့်ပွားမှု မရှိလာစေရေး ကြိုတင်ကာကွယ်ထားရန် လိုအပ်သည်ဟု ရခိုင်ဒေသခံများက ပြောသည်။

လက်ရှိ အိန္ဒိယတွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှု မြင့်တက်လျက်ရှိပြီး ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်မှ မေလ ကုန်ပိုင်းအထိ မဟာရက်ရှ်ထရာပြည်နယ်တွင် ကူးစက်ခံရသူ ၅၉၇ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။

ထို့သို့ အိန္ဒိယနိုင်ငံအတွင်း ရောဂါကူးစက်ပြန့်ပွားသူ များလာနေ၍ မီဇိုရမ်ပြည်နယ်နှင့် ရခိုင်သို့ ကုန်သွယ်မှု ပြုလုပ်နေသူများကို ရောဂါကူးစက်မပြန့်ပွားလာစေရေး ကြိုတင်ကာကွယ်သတိရှိစေရန် လိုအပ်နေခြင်း ဖြစ်သည်။

“ထိုင်းနဲ့ မြန်မာတို့ဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တာကြောင့် ကူးစက်မှုတွေရှိလာနေတယ်။ ဒီလိုပဲ ရခိုင်နဲ့ အိန္ဒိယနဲ့ ကုန်စည်ကူးလူး ဆက်သွယ်တာတွေရှိနေတော့ တံခါးမရှိ၊ ဓားမရှိ ဝင်ထွက်သွားလာနေရင် ရခိုင်မှာလည်း ဖြစ်လာမှာကို စိုးရိမ်စရာပဲ။ နဂိုကတည်းက ရခိုင်မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ကောင်းနေတာ မဟုတ်ဘူး။ အခုကာလမှာသာ ကိုဗစ်ကူးစက်မှုတွေဖြစ်ရင် ပိုပြီး စိုးရိမ်စရာရှိလာမယ်” ဟု ရခိုင်အရပ်ဖက်အဖွဲ့အစည်းတစ်ခုမှ လူငယ်တစ်ဦးက ပြောသည်။

ယခု ကူးစက်ပြန့်ပွားနေသည့် ကိုဗစ်မျိုးကွဲသစ် JN – 1 နှင့် XEC တို့မှာ အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံအများအပြားမှာ ကူးစက်ပြန့်ပွားနေပြီး ရောဂါပြင်းထန်မှုမှာ ယခင် ကိုဗစ်ကဲ့သို့ ပြင်းထန်မှု မရှိသော်လည်း ရောဂါကူးစက်မှုနှုန်း မြန်ဆန်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားသည်။

လက်ရှိတွင် အိန္ဒိယနှင့် ကုန်သွယ်မှု ပြုလုပ်နေသည့် ရခိုင်ကုန်သည် ရာနှင့်ချီရှိပြီး ကူးစက်မြန် ကိုဗစ် - ၁၉ ပြန့်ပွားမှု မရှိလာစေရေး အာရက္ခတပ်တော်က သတိရှိစွာဖြင့် ကြပ်မတ်ပေးရန် လိုအပ်သည်ဟု ရခိုင်ပြည်သူများက ထောက်ပြသည်။

လမ်းခရီးပိတ်ဆို့ခံထားရသည့် ရခိုင်တွင် ဆေးဝါးရှားပါးမှုပြဿနာနှင့် ကြုံတွေ့နေရပြီး ကိုဗစ် - ၁၉ ရောဂါသာ ပြန့်ပွားလာလျှင် ပို၍ အခက်ကြုံလာရနိုင်သည်ဟု ပြောဆိုကြသည်။

ကျောက်တော်မြို့ခံအမျိုးသားတစ်ဦးက “မတော်တဆ အခုအခြေအနေမှာ ကိုဗစ်ပိုးကိုသာ ရခိုင်မှာ တွေ့ခဲ့ရင် ဆေးဝါးလုံလောက်မှု မရှိတဲ့ ပြဿနာနဲ့ ကြုံတွေ့ရမယ်။ ကိုဗစ်က ကူးစက်မြန်တဲ့ ရောဂါဆိုတော့ ထိန်းမနိုင်ဖြစ်သွားမှာကို စိတ်ပူရတယ်” ဟု ပြောသည်။

ယင်းအပြင် ပြည်ပနိုင်ငံများမှ ရခိုင်ပြည်သို့ အောက်လမ်းမှတဆင့် ဝင်ရောက်လာသူများကိုလည်း အာဏာပိုင်များအနေဖြင့် စောင့်ကြည့် ကြပ်မတ်သင့်ကြောင်း ပြောဆိုကြသည်။

ရခိုင်ပြည်တွင်းသို့ ကိုဗစ် - ၁၉ ရောဂါ ကူးစက်မပြန့်ပွားလာစေရန် အိန္ဒိယနှင့် ကုန်သွယ်မှု ပြုလုပ်နေသူများနှင့် ပြည်ပမှ ဝင်ရောက်လာသူများကို အာရက္ခတပ်တော်အပါအဝင် INGO၊ NGOနှင့် အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းကာ ကြိုတင်ကာကွယ်မှုများ ပြုလုပ်သင့်ကြောင်း ဆိုသည်။

“နိုင်ငံတကာက ကိုဗစ်ကာကွယ်ဆေးတွေ ကူညီပေးရင်တောင် ဒါတွေက ရခိုင်ကို ရောက်ဖို့ မလွယ်ကူဘူး။ ပြီးတော့ ဘင်္ဂလားဒေ့ရှ်တို့ အိန္ဒိယတို့ကလည်း AA ဟာ တရားဝင်အစိုးရ မဖြစ်သေးတော့ ဆေးဝါး အထောက်အကူ ရဖို့လည်း အခက်အခဲရှိမယ်” ဟု ပေါက်တောမြို့နယ်မှ လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

လက်ရှိ ကိုဗစ် - ၁၉ ကူးစက်မှု မြင့်တက်နေခြင်းမှာ ရာသီအလိုက်ဖြစ်ပေါ်ခံစားလေ့ရှိသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ နာမကျန်းမှုများနှင့် ဆင်တူနေပြီး ကူးစက်ဖြစ်ပွားမှု အများစုသည် ရောဂါအသင့်အတင့် (သို့မဟုတ်) ရောဂါလက္ခဏာ မပြသကြောင်း အိန္ဒိယနိုင်ငံ၊ မဟာရက်ရှ်ထရာပြည်နယ် ပြည်သူ့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် လက်ရှိ ကိုဗစ် - ၁၉ ရောဂါပိုးကူးစက်ခံရသူ ၉ ဦးအထိ တွေ့ရှိထားကြောင်း စစ်ကောင်စီ၏ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၏ မေလ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီ၏ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ စတင်ရောက်ရှိခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၂၃) ရက်မှ ၂၀၂၅ ခုနှစ်၊ မေလ (၁၁) ရက်အထိ ရောဂါဖြစ်ပွားသူ (၆၄၃,၂၄၂) ဦးရှိခဲ့ပြီး သေဆုံးသူ (၁၉,၄၉၄) ဦးရှိခဲ့ကြောင်း သိရသည်။

မောင်တောမြို့ ကညင်ချောင်း ကုန်သွယ်ရေးစခန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။
May 30, 2026
ဘင်္ဂလားဒေ့ရှ်- ရခိုင်ပြည်နယ်စပ် ကုန်သွယ်ရေးကို ဧပြီလအတွင်းက စတင်ဖွင့်လှစ်ပြီး...
May 30, 2026
၁၉၆၀ ကျော်ကာလတွေကို ပြန်ကြည့်ရင် ရခိုင်ပြည်အတွက် အလွန်ခက်ခဲတဲ့ ကာလတစ်ခုပါ။ လမ်းပန်း ဆက်သွယ်ရေး၊...
May 29, 2026
AA ထိုးစစ်ကို ခုခံရန်အတွက် စစ်အုပ်သည် ရခိုင်ပြည်၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့တွင်...
၂၀၂၃ ခုနှစ်အတွင်းက စစ်တွေမြို့ မြင်ကွင်း။ ဓာတ်ပုံ - DMG
May 28, 2026
ရခိုင်ပြည်တွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို...