လေယာဉ်ဖြင့် ဗုံးကြဲနေမှု လူမဆန်တဲ့ လူသတ်မှုဖြစ်တဲ့အတွက် ခွင့်မလွတ်နိုင်ဘူးလို့ ကချင်တက်ကြွလှုပ်ရှားသူတွေပြော

လေယာဉ်ဖြင့် ဗုံးကြဲနေမှု လူမဆန်တဲ့ လူသတ်မှုဖြစ်တဲ့အတွက် ခွင့်မလွတ်နိုင်ဘူးလို့ ကချင်တက်ကြွလှုပ်ရှားသူတွေပြော

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တပတ်အတွင်း ပညာသင်အရွယ် ကလေးသူငယ်အများအပြား သေဆုံးသွားတဲ့ဖြစ်ရပ်မှာ လူမဆန်တဲ့သတ်ဖြတ်မှုဖြစ်တဲ့အတွက် ခွင့်မလွတ်နိုင်ဘူးလို့ ကချင်လူထုတက်ကြွလှုပ်ရှားသူတွေက KNG ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ သူတို့ တိုက်ပွဲရပ်နားထားမယ်လို့ ထုတ်ပြန်ချက်ထားတဲ့ ကာလအတွင်းမှာပဲ မေလ ၆ ရက်နေ့ကနေ ၃၁ ရက်နေ့ထိ တပတ်အတွင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ် စတဲ့ဒေသတွေကို လေယာဉ်နဲ့ နေ့စဉ် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အခုလို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံတစ်ဝန်းစာသင်အရွယ်ကလေးသူငယ်တွေ အပါအဝင် သက်ကြီးရွယ်အိုတွေအထိ အသက်သေဆုံးခဲ့ရပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းကျေးရွာက စာသင်ကျောင်းကို မေလ ၁၂ ရက်နေ့ မနက် ၉ နာရီဝန်းကျင်အချိန် လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ဆရာမနှစ်ဦးအပါအဝင် ကျောင်းသား/ကျောင်းသူ ၂၄ ဦးထိ သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေတဲ့ ကချင်တက်ကြွလှုပ်ရှားသူ အမျိုးသားလူငယ်တစ်ဦးက “စည်းကမ်းနဲ့ပြည့်ဝတဲ့ ဒီမိုကရေစီတိုင်းပြည်လုပ်မယ်လို့ သူတို့ဘက်က ကြွေးကြော်ပေမယ့်လို့ သူတို့ ခုလို သတ်ဖြတ်နေတာက အရမ်းအကျည်းတန်တယ်။ သူတို့က ရန်သူ့တပ်ကို မဟုတ်ဘဲ အုပ်ချုပ်ရမယ့် ပြည်သူတွေကို ရန်သူအဖြစ်သတ်မှတ်ပြီး သတ်ဖြတ်တာက စကားလုံးတောင်ရှာမရလောက်တဲ့အထိ ဒေါသထွက်မိပါတယ်” လို့ ခုလိုပြောပါတယ်။

ဒါအပြင် စစ်ကောင်စီအနေနဲ့ အပြစ်မဲ့ပြည်သူတွေကို လွယ်လွယ်ကူကူ ပစ်မှတ်ထား တိုက်ခိုက်နေနိုင်တာဟာ အိမ်နီးနားချင်းနိုင်ငံတွေအနေနဲ့ မသိကျိုးကျွန်ပြုထားရုံသာမက ကမ္ဘာအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတွေကပါ စစ်ကောင်စီကို ထောက်ခံအားပေးနေတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ WLB (Women’s League Of Burma) ပြောရေးဆိုခွင့်ရှိသူ ဆရာမ Moon Nay Li က သုံးသပ်ပြောဆိုပါတယ်။

“နိုင်ငံတကာ တာဝန်ရှိသူတွေ ခေါင်းဆောင်တွေအနေနဲ့လည်း ကျော်မသွားတဲ့ ကျူးလွန်ခံရတဲ့နေရာတွေအတွက် အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်သင့်ပါတယ်။ ခုလို လွယ်လွယ်ကူကူ သတ်ဖြတ်ကျူးလွန်မှုတွေ များလာလို့ရှိရင်တော့ နောင်တစ်ချိန်မှာ မြန်မာနိုင်ငံသာမက အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာရဲ့ လုံခြုံမှုတွေကိုပါ ထိပါးလာပါလိမ့်မယ်” လို့ ပြောပါတယ်။

မေလ ၁၂ ရက်နေ့တစ်ရက်တည်းမှာဘဲ စစ်ကောင်စီဟာ စစ်ကိုင်းတိုင်း နေရာ ၄ ခုမှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးတဲ့ အရပ်သားအားလုံး ၇၀ ဝန်းကျင်ထိရှိခဲ့တယ်လို့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ လူအခွင့်အရေးဝန်ကြီးဌာနရဲ့ ဖော်ပြချက်မှာတော့ မေလ (၁၃) ရက်နေ့မှာလည်း အကြမ်းဖက်စစ်တပ်က ရခိုင်ပြည်နယ် ရသေ့တောင်မြိုနယ် ထွန်းရဝေကျေးရွာ (ဟောင်း) ကို လေကြောင်းဗုံးကြဲခဲ့ပြီး ကလေးငယ်နဲ့ မိခင်တွေအပါအဝင် ပြည်သူ (၁၂) ဦး သေဆုံးပြီး (၂၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပါရှိပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ပြုစုထားတဲ့ အချက်အလက်တွေအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ကနေ ၂၀၂၅ မေလ (၁၂) ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုကနေပြီးတော့ ရန်ကုန်နှင့် နေပြည်တော်ကလွဲပြီး ကျန် တိုင်းနှင့်ပြည်နယ် (၁၃) ခုမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း ၂,၆၇၉ ခု ပြုလုပ်ခဲ့ပြီး ပြည်သူ ၃,၀၄၃ ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

သေဆုံးသူတွေထဲမှာတော့ အသက် (၁၈) နှစ်အောက် ကလေးငယ် (၄၄၁) ဦးပါဝင်ပြီး စာသင်ကျောင်း (၂၄၀) ကျောင်း၊ ဆေးရုံ၊ ဆေးခန်း (၉၆) ခုနဲ့ ဘာသာရေးအဆောက်အဦ (၄၃၅) ခု ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ကချင်ပြည်နယ်မှာလည်း စစ်ကောင်စီတပ်က ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ ဖားကန့်မြို့နယ် အနန့်ပါကျေးရွာ၊ ၂၀၂၃ အောက်တိုဘာလမှာ ဗဟိုဌာနချုပ် လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်ကျေးရွာတို့ကို လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အများအပြားအပါအဝင် ပြည်သူ အစုအပြုံလိုက် အသက်သေဆုံးခဲ့ပါတယ်။

Most read this week

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...