စစ်တွေက မွတ်ဆလင်များ စားဝတ်နေရေး ကျပ်တည်းနေ

စစ်တွေက မွတ်ဆလင်များ စားဝတ်နေရေး ကျပ်တည်းနေ
စစ်တွေမြို့နယ်ရှိ ဒုက္ခသည်စခန်းတစ်ခုမှ မွတ်ဆလင်အမျိုးသမီးတစ်ဦးအား တွေ့ရစဉ်။
စစ်တွေမြို့နယ်ရှိ ဒုက္ခသည်စခန်းတစ်ခုမှ မွတ်ဆလင်အမျိုးသမီးတစ်ဦးအား တွေ့ရစဉ်။

စစ်ကောင်စီထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်မှ မွတ်ဆလင်များမှာ ယခုအချိန်တွင် စားနပ်ရိက္ခာ အကျပ်အတည်းဖြင့် ကြုံနေရကြောင်း သတင်းရရှိသည်။

ကုန်ဈေးနှုန်း မြင့်တက်မှု၊ ငွေကြေးကျပ်တည်းမှုနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုကြောင့် စစ်တွေမြို့နယ်မှ မွတ်ဆလင်အချို့မှာ ထမင်းအစား ကန်းစွန်းဥများအား စားသောက်ကာ နေကြရသည်ဟု ဒေသခံများက ပြောသည်။

“IDP Camp က လူတွေ ကန်စွန်းဥတွေ စားပြီး နေနေကြတယ်။ ဆန်ရှာမရတဲ့ နေ့တွေဆိုရင် ကန်စွန်းဥ စားပြီးနေကြတယ်။ ငါးဖမ်းလို့လည်း မရတော့ အလုပ်အကိုင်က မရှိဘူး။ အခုလူတွေက ဒီထက်အခြေနေဆိုးလာမှာကို စိုးရိမ်နေကြတယ်” ဟု စစ်တွေ ဒုက္ခသည်စခန်းနေ မွတ်ဆလင်တစ်ဦးက DMG သို့ ပြောသည်။

မွတ်ဆလင်ဒုက္ခသည်အများစုမှာ ယခင်က ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ထောက်ပံ့မှုဖြင့် စားဝတ်နေရေးကို ဖြေရှင်းခဲ့ကြသော်လည်း ဧပြီလမှ စတင်ကာ WFP ထောက်ပံ့မှုများ ရပ်ဆိုင်းလိုက်သည်။

ယင်းအချိန်မှစ၍ မွတ်ဆလင်ဒုက္ခသည်များမှာ စားနပ်ရိက္ခာအကျပ်အတည်းဖြင့် ရင်ဆိုင်လာနေရခြင်းဖြစ်သည်။

ထို့အပြင် စစ်ကောင်စီ၏ ကန့်သတ်ပိတ်ဆို့မှုများကြောင့် ဒေသခံမွတ်ဆလင်များမှာလည်း အလုပ်အကိုင်ရှားပါးကာ အခက်အခဲမျိုးစုံဖြစ်နေကြသည်။

စစ်တွေမြို့နယ်ရှိ သဲချောင်း၊ ဗေဒါ၊ ဘာဆာ၊ ဘုမေ စသည့် ကျေးရွာအများအပြားမှ ဒေသခံ မွတ်ဆလင်များမှာ ငါးဖမ်းလုပ်ငန်းကို အဓိကလုပ်ကိုင်ပြီး အသက်မွေးဝမ်းကျောင်းပြုကြသည်။

ဖမ်းဆီးရရှိလာသည့် ငါးများအား ရခိုင်ကျေးရွာများတွင် ရောင်းချကာ ဝင်ငွေရှာကြသည်။

သို့သော်လည်း ၂၀၂၃ ခုနှစ်၊ ရခိုင်တိုက်ပွဲစတင်ပြီးနောက်ပိုင်း စစ်ကောင်စီက ရခိုင်ကို ကုန်းလမ်း၊ ရေလမ်းခရီး ပိတ်ဆို့ထားသည့်အပြင် ပင်လယ်ပြင် ငါးဖမ်းခွင့်ကန့်သတ်ထား၍ မွတ်ဆလင်များမှာ စားဝတ်နေရေး အကျပ်အတည်းဖြင့် ရင်ဆိုင်နေရသည်။

“ဆန်ဈေး၊ ဆီဈေး၊ သားငါးဟင်းသီးဟင်းရွက်ဈေးတွေတက်တော့ ဘယ်လိုမှ အဆင်မပြေကြဘူး။ ပိုက်ဆံငါး သောင်းနဲ့ ဈေးဝယ်လို့ မနက်၊ ညအတွက် ထမင်းနှစ်နပ် မစားရဘူး။ လူတွေ အများကြီး ဒုက္ခရောက်နေကြတယ်။ ပင်လယ်မှာလည်း ငါးဖမ်းခွင့် မရဘူး။ ငါးသွားဖမ်းရင်လည်း ရလာတဲ့ ငါးကို စစ်ကောင်စီတပ်သားတွေက ယူပြီး လူတွေကိုပါ ဖမ်းတယ်” ဟု နောက်ထပ် စစ်တွေမြို့နယ်မှ မွတ်ဆလင် အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ စစ်တွေမြို့တွင် အမဲသားတစ်ပိဿာကို ငွေကျပ် ၉၀,၀၀၀၊ အလေးချိန် ၃၀ ကျပ်သား မွေးမြူရေး ကြက်တစ်ကောင်ကို ငွေကျပ် ၄၅,၀၀၀၊ ပေါ်ဆန်းမွှေး ဆန်တစ်အိတ်ကို ငွေကျပ် ၂၅၀,၀၀၀ ဝန်းကျင် စသဖြင့် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေသည်။

အမည်မဖော်လိုသည့် အရပ်ဖက်အဖွဲ့စည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက “စစ်ကောင်စီရဲ့ ဖြတ်လေးဖြတ်ထဲက ဗျူဟာတစ်ခုပေါ့။ ပြည်သူတွေကို အပြင်ထွက်ခွင့်လည်း မပေးဘူး။ အလုပ်လုပ်ခွင့်လည်း မပေးဘူး။ စားနပ်ရိက္ခာတွေကိုလည်း ဖြတ်တောက်ထားတယ်။ အထူးသဖြင့် စစ်ပွဲကြောင့် ပြည်သူတွေ ဒီလိုခံရပါလားဆိုတာကို ပြချင်တာပေါ့။ ပြည်သူကို ပိုပြီး ဒုက္ခပေးနေတာပေါ့” ဟု DMG သို့ ပြောသည်။

လက်ရှိတွင် စားနပ်ရိက္ခာကျပ်တည်းမှုကြောင့် မွတ်ဆလင်ဒေသခံများမှာ စိုက်ပျိုးရေးလုပ်ငန်းကို ဇောက်ချလုပ်ကိုင်ရန်လည်း ငွေကြေးအရင်းအနှီး မတတ်နိုင်၍ ယခုနှစ်၊ စစ်တွေမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ နည်းပါးသွားသည်ဟု မွတ်ဆလင်များက ပြောသည်။

Most read this week

ဂုတ်ကြီးကျေးရွာအား တွေ့ရစဉ်။ (ဓာတ်ပုံ- CJ)
March 10, 2026
ရခိုင် - မကွေးအစပ် ရိုးမပေါ်ရှိ နတ်ရေကန်ဗျူဟာကုန်းကို စစ်ကောင်စီက အင်အား ၂၀၀ ပါ...
၂ဝ၂၆ ခုနှစ်၊ မတ် ၃ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်တစ်နေရာ ပြုလုပ်ခဲ့သည့် ရိုးရာယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲအား တွေ့ရစဉ်။ ဓာတ်ပုံ - Thet Traditional Culture
March 9, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်တွင် မျိုးနွယ်များ ပေါင်းစုပြီး လူမှုသဟဇာတအရေးနှင့်...
March 7, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် စစ်တွေမြို့ပေါ်က ပြည်သူ့ဆေးရုံကြီးကို မတ်လ ၇ ရက်၊ နံနက် ၅...
March 6, 2026
စစ်တွေမြို့တွင် တိုက်ပွဲပြင်းထန်လာမှုနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်နှင့် မိသားစု...