ကရင်အမျိုးသားအစည်းအရုံး - KNU တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမှမုန်းမြို့နယ်သို့ ပေါက်ရောက်သည့် ကျောက်ကြီး-နတ်သံကွင်းလမ်းမပေါ်ရှိ ကျေးရွာများ စစ်ကောင်စီ၏ လက်နက်ကြီးအပါအဝင် လေယာဥ်များအသုံးပြုမှု အရှိန်မြင့် တိုက်ခိုက်ခံနေရကြောင်း KNU နှင့် စစ်ရှောင်ကူညီနေသူများက ပြောသည်။
ပြီးခဲ့သည့် ဧပြီလကုန်က အဆိုပါလမ်းပေါ် နောင်ကုန်း၊ ရင်းတိုက်ကုန်း၊ ရွာကြီးအင်း အစရှိသဖြင့် စစ်ကောင်စီ ခြေကုပ်ယူထားသည့် ကျေးရွာများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA ပူးပေါင်းတပ်က တိုက်ခိုက်ရှင်းလင်းလိုက်နိုင်သည်။
တိုက်ပွဲဖြစ်ပွားနေသည့် ရက်အတွင်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးအသုံးပြု တုံ့ပြန်ခဲ့သလို မေလ ၇ ရက်နေ့မှစတင်ကာ ဂျက်ဖိုက်တာများ၊ Y12 များအပြင် အနီးစခန်းမှ လက်နက်ကြီးများပါသုံး၍ ဖော်ပါပြရွာနေရာများသို့ တကျော့ပြန် အရှိန်မြှင့်တိုက်ခိုက်ခဲ့သည်ဟု ကျောက်ကြီးမြို့နယ် KNU တာဝန်ရှိသူနှင့် မုန်းဒေသလှုပ်ရှားသည့် စစ်ရှောင်ကူအဖွဲ့ထံမှ သိရသည်။
ကျောက်ကြီးမြို့နယ် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောဝါးမူက “လက်ရှိတော့ ကျောက်ကြီး-နတ်သံကွင်းလမ်းမှာ ရန်သူတက်လာတာ ခြေကုပ်ပြန်ယူနိုင်တာမရှိဘူး။ တော်တော်နဲ့ပြန်ဝင်လို့ရမယ်မထင်ဘူး။ လက်နက်ကြီးနဲ့ ဒရုန်းသုံးတာတွေတော့ လုပ်တယ်။ Jet Fighter နဲ့ Y12 နဲ့ ဒရုန်းတွေသုံးတယ်။ အဝေးက သူတို့စခန်းကနေ လက်နက်ကြီးတွေပစ်တယ်။ ပြီးခဲ့တဲ့လကထက်စာရင် ဒီလကတော့ ပစ်ခတ်တဲ့အကြိမ်ရေ ပိုများတယ်လို့ပြောလို့ရတယ်” ဟု ကေအိုင်စီကို ပြောသည်။
ပုံမှန်အသုံးပြုနေကျ ကတ္တရာခင်းကားလမ်းကြီးပေါ် နှစ်ဖက်စစ်ရေးတင်းမာ၍ မည်သူမျှ ဖြတ်သန်းသွားလာမှုမရှိတော့သည့်နောက်ပိုင်း ၂၀၂၃ ခုနှစ်မှစတင်ကာ ဖော်ပြပါရွာများကိုဖြတ်၍ ကျောက်ကြီးမြို့အထိ ပေါက်ရောက်သည့် တောလမ်းကို စစ်တပ်က ဖောက်လုပ်ပြီး ရိက္ခာပို့လမ်းကြောင်းအဖြစ် ပြောင်းလဲအသုံးပြုနေခြင်းဖြစ်သည်။
ထိုစဥ်ကတည်းက စစ်ကြောင်းဝင်ရောက်လာမှုကြောင့် ကြိုတင်စစ်ရှောင်ရှားကြသည့် လူမရှိ နေအိမ်များပေါ် စစ်ကောင်စီက ဝင်ရောက်၍ ပစ္စည်းခိုးယူမှုများရှိခဲ့သလို အဆိုပါ ရေတွင်းကုန်း၊ အုန်းပင်စု၊ ငနွားဆိပ်၊ အညာဆိပ်၊ ရေလဲ၊ ရွာကြီးအင်း အစရှိသည့် ရွာများတွင်လည်း ခြေကုပ်ယူနေထိုင်ခဲ့ကြကြောင်း ကျောက်ကြီးစစ်ရှောင်များထံမှ သိရသည်။
“ကျောက်ကြီး-နတ်သံကွင်း အနောက်ဖက်ခြမ်းဆို မုန်းမြို့နယ်ထဲပါတယ်။ အရင်ကတည်းက အဲဒီတစ်ဝိုက်က ရွာတွေက အကုန်စစ်ရှောင်တွေပဲ။ တစ်နှစ်ကျော် နှစ်နှစ်လောက်ရှိပြီ။ အခုတိုက်ပွဲ နောက်တစ်ကြိမ် စပေါ်တဲ့ကာလမှာလည်း လက်နက်ကြီးတွေက အဲဒီမှာနေ့တိုင်း ညတိုင်းကျတယ်။ Y12 နဲ့ဒရုန်းနဲ့ကျေးရွာမှာ လိုက်ကြဲချတာတွေရှိတယ်” ဟု မုန်းမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ၏ တာဝန်ရှိသူက ပြောသည်။
ကျောက်ကြီးနှင့်မုန်းမြို့နယ်အပြင် ရွှေကျင်မြို့နယ်ဘက်တွင်လည်း ပြီးခဲ့သည့် ဧပြီလမှစတင်ကာ ယခုမေလအထိ KNLA ပူးပေါင်းတပ်၏ စစ်ကောင်စီစခန်းသိမ်းယူသည့်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ထိုကာလအတွင်း စစ်ကောင်စီက လူနေအိမ်ခြေရှိသည့် ရွာများသို့ လက်နက်ကြီးနှင့် လေယာဥ်သုံးကာ ကျည်အရေအတွက် ၁၄၀ နှင့်အထက် ပစ်ခတ်တိုက်ခဲ့မှုကြောင့် ဒေသခံ ထောင်နှင့်ချီပြီး စစ်ရှောင်နေကြရသည်ဟုလည်း KNU - ဗဟို၏ မေလ (၁၃) ရက်နေ့ ထုတ်ပြန်ချက်က ဆိုသည်။







