မေလ ၁၂ ရက်နေ့ကနေ စပြီး တီးတိန် ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ရုံးကနေ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) လျှောက်ထားပြုလုပ်ခွင့် ပြန်လည်ဆောင်ရွက်ပေးတဲ့အတွက် ရာနဲ့ချီတဲ့ပြည်သူများ တန်းစီပြီး မှတ်ပုံတင် လျှောက်ထားလျက်ရှိကြောင်း တီးတိန်မြို့နေ ပြည်သူများထံမှ သိရှိရပါတယ်။
“တော်လှန်ရေးအဖွဲ့တွေက မြို့နယ် လဝကရုံးကို ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ မီးရှို့ခဲ့ဖူးတယ်။ ပြီးတော့ PDF - Zoland တပ်ဖွဲ့တွေက ခရိုင် လဝကမှူးကို အရင်နှစ် ဧပြီလ ၁၄ ရက်မှာ စစ်မှုထမ်းမယ့်စာရင်း ကောက်ပေးတယ်ဆိုပြီး ဖမ်းဆီးပြီး ကာလအတန်ကြာ ထိန်းသိမ်းထားတော့ မှတ်ပုံတင်လုပ်ရတာ အဆင်မပြေတော့ဘူး။ အရင်နှစ် မေလ ၂၇ နေ့မှာကျတော့ တီးတိန်မြို့တွင်း တိုက်ပွဲဖြစ်ပွားပြန်တယ်။ အဲနောက်ပိုင်း မှတ်ပုံတင် ကောင်းကောင်း မပြုလုပ်ပေးတော့ဘူး။ တခြား ရုံးတွေ ဖွင့်ထားပေမယ့် လဝကရုံးကို ကောင်းကောင်း ပြန်မဖွင့်နိုင်ခဲ့ဘူး။ မနေ့ကမှစပြီး မှတ်ပုံတင် ပြန်လျှောက်လို့ ရသွားခဲ့တယ်” လို့ တီးတိန်မြို့ခံတစ်ဦးမှ ပြောကြားခဲ့ပါတယ်။
၂၀၂၄ ဧပြီ လဝက်ခန့်ကနေ တီးတိန်မြို့မှာ မှတ်ပုံတင်လျှောက်ထား ပြုလုပ်နိုင်ခြင်းမရှိတော့ရာမှ တစ်နှစ်ကျော်အကြာမှာ တီးတိန်မြို့မှာ ပြန်လည်လျှောက်ထား ပြုလုပ်နိုင်ခြင်းဖြစ်ကြောင်း၊ တီးတိန်မြို့နယ် ပြည်သူများအနေဖြင့် ဟားခါးရှိ ပြည်နယ် လဝကရုံးတွင် မှတ်ပုံတင် လျှောက်ထားနိုင်ကြောင်း ကြားသိရသော်လည်း လက်ရှိ အခြေအနေအရပ်ရပ်ကြောင့် လျှောက်ထားရန် အခက်အခဲရှိနေကြောင်း၊ တီးတိန်မြို့အတွင်း နေထိုင်သူများအတွက် မှတ်ပုံတင် လျှောက်ထား ပြုလုပ်နိုင်ခြင်း မရှိတဲ့ကာလ ကြာရှည်တဲ့အတွက် လူငယ်များအနေဖြင့် အခက်အခဲကြုံနေခဲ့ရကြောင်း တီးတိန်မြို့နယ်နေ ပြည်သူများက ပြောပြပါတယ်။
“လူငယ်တွေက အကြောင်းအမျိုးမျိုးကြောင့် ခရီးသွားဖို့ ရှိလာပေမယ့် မှတ်ပုံတင်မရှိတော့ ဘာမှ လုပ်လို့မရကြဘူး။ လေယာဉ်နဲ့မှ ခရီးသွားလို့ရတော့ မှတ်ပုံတင်မပါဘဲ လေယာဉ်စီးလို့မရဘူး။ Mobile pay တွေ လုပ်လို့မရဘူး။ ဒုက္ခတွေ အများကြီး ကြုံရတယ်။ အခုလို မှတ်ပုံတင် ပြန်လုပ်နိုင်ကြတော့ အတော်လေး ဝမ်းသာမိတယ်။ ပထမနေ့မှာတင် တန်းစီတဲ့လူတန်းက အရှည်ကြီးဘဲ။ နောက်ရက်တွေဆို လူပိုများနိုင်တယ်” လို့ ကိုယ်တိုင် မှတ်ပုံတင်ပြုလုပ်သူ ဒေသခံ လူငယ်တစ်ဦးက ပြောကြားခဲ့ပါတယ်။
"လျှောက်လွှာတင်တာက တီးတိန်မြို့မ ရဲစခန်းအောက်ဘက်မှာရှိတဲ့ နေအိမ်တစ်ခုမှာပါ။ အဲကနေ လျှောက်လွှာတွေ လက်ခံမယ်။ လက်မှတ်ထိုးတာ ဘာညာတော့ ကလေးမြို့ကနေ လုပ်ပေးမယ်လို့ သိရပါတယ်" လို့ တီးတိန်မြို့ပေါ်က လဝကရုံးမှာ မှတ်ပုံတင်သွားလျှောက်တဲ့ ကျေးလက်နေ လူငယ်တစ်ဦးထံမှ သိရှိခဲ့ရပါတယ်။
“နက်ဖြန်ကျရင် ကျွန်တော်လည်း တီးတိန်မြို့တက်ပြီး မှတ်ပုံတင် သွားလုပ်မယ်။ အကြောင်းတခုခုကြောင့် မှတ်ပုံတင် လျှောက်ထားခွင့် မပြုတော့တာမျိုး၊ လဝကရုံး ပြန်ပိတ်တာမျိုး ကြုံရမှာ စိုးရိမ်မိတယ်။ မှတ်ပုံတင်ရရင် ကျွန်တော့်မှာ အစီအစဉ်တွေ အများကြီးရှိတယ်။ အဲတာတွေ လွဲသွားမှာ စိုးရိမ်မိတယ်” လို့ တီးတိန်မြို့နယ်မှ ကျေးလက်နေ လူငယ်တစ်ဦးကလည်း ပြောပါတယ်။







