စစ်ကောင်စီထိန်းချုပ် မူဆယ်မြို့ တရားဉပဒေစိုးမိုးမှုမရှိ၊ လောင်းကစားရုံ/ မူးယစ်ဆေး ပေါများ

စစ်ကောင်စီထိန်းချုပ် မူဆယ်မြို့ တရားဉပဒေစိုးမိုးမှုမရှိ၊ လောင်းကစားရုံ/ မူးယစ်ဆေး ပေါများ
မူဆယ်မြို့ လောင်းကစားဂိမ်းများ ဖွင့်လှစ်သည့်နေရာ။
မူဆယ်မြို့ လောင်းကစားဂိမ်းများ ဖွင့်လှစ်သည့်နေရာ။

“၁၀၂၇ စစ်ဆင်ရေး” အတွင်း ချန်ထားခဲ့သည့် စစ်ကောင်စီထိန်းချုပ်ရာ သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့အတွင်း လောင်းကစားရုံနှင့် မူးယစ်ဆေးဝါး ပေါများလာသည့်အပြင် တရားဉပဒေ စိုးမိုးမှုလည်း မရှိတော့ကြောင်း စုံစမ်းသိရသည်။

မြန်မာ – တရုတ်နယ်စပ် မူဆယ်မြို့အတွင်း လောင်းကစားရုံများ၊ KTV များ အထူးပေါများနေကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲသူ များလာသည်နှင့်အမျှ လုယက်မှု၊ ခိုးမှုများလည်း နေ့စဉ်နှင့်အမျှ ဖြစ်ပွားလာနေကြောင်း မူဆယ်ဒေသခံ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“မြို့ပေါ်မှာ ၃ ဆိုင်ရှိတယ်၊ ဘော်လုံးကွင်းအဟောင်းနားမှာပဲ။ လောင်းကစားအပြင် မူးယစ်ဆေးတွေလည်း ရောင်းဝယ် သုံးစွဲနေတာ။ တစ်ချို့ကျ လောင်းကစားသွားလုပ်တယ်၊ တစ်ချို့ကျ မူးယစ်ဆေးတွေ သွားသုံးတာ။ အဲ့တာ မြို့လယ်ခေါင်မှာနော်၊ မြို့ပတ်ပတ်လည်မှာလည်းရှိတယ်” ဟု အမည်မဖေါ်လိုသည့် လူငယ်တစ်ဉီးက ပြောသည်။

မူဆယ်မြို့ပေါ်ရှိ လောင်းကစားရုံများတွင် ငါးပစ်ဂိမ်းစက်များ၊ ဗီဒီယိုဂိမ်းစက်များ၊ ဂုံးဂင်းဝိုင်းများ ဖွင့်လှစ်နေပြီး လောင်းကစားဝိုင်းနှင့်အတူ မူးယစ်ဆေးများပါ ရောင်းချနေသည့်အတွက် ခိုးမှု၊ လုယက်မှုလည်း ပူးတွဲဖြစ်ပေါ်လာနေကြောင်း ဒေသခံများက ပြောဆိုသည်။

“ခိုးတာ၊ လုတာတို့ကတော့ နေ့တိုင်းလိုလို ဖြစ်နေတာပဲ သတင်းမထွက်တာပဲ ရှိတယ်။ အဓိက လောင်းကစားရုံတွေ ပေါလာတာ၊ မူးယစ်ဆေးသုံးတဲ့လူတွေ များလာတော့ နောက်ဆုံး ခိုးတာ လုတာတွေ ဖြစ်လာတယ်” ဟု လုံခြုံရေးအတွက် စိတ်ပူသည့် မူဆယ်မြို့ခံတစ်ဉီးက ပြောသည်။

သျှမ်း-တရုတ်နယ်စပ် မူဆယ်မြို့အတွင်းတွင် လောင်းကစားရုံများစွာ ရှိသည့်အနက် တရုတ်-မြန်မာ ကုန်သွယ်ရေး တံခါးပေါက်ဖြစ်သော ဆင်ဖြူဂိတ်အနီးတွင် ဒုစရိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း မူဆယ်မြို့ ဆင်ဖြူဂိတ် အနီးနေထိုင်သူ တစ်ဉီးကလည်း ပြောသည်။

“ဆင်ဖြူနားမှာ ဒုစရိုက်မှု အများဆုံးပဲ။ ဖုန်းလုတာတို့၊ လောင်းကစားလုပ်တာတို့၊ ဆေးသမားတို့၊ ခိုးပြီး ပေါင်စားတာတို့ဆို အဲ့ဒီနားမှာ အများဆုံးပဲ” ဟု ပြောသည်။

မူဆယ်မြို့ထဲတွင် KTV၊ ဘား၊ ကလပ် စုစုပေါင်း နေရာ ၃၀ ထက်မနည်းရှိပြီး ဒေသတွင်း ပြည်သူ့စစ်နှင့် ဌာနဆိုင်ရာများ ပါဝင်ပတ်သက်နေကြောင်း၊ လုံခြုံရေးကိုလည်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက တာဝန်ယူပေးနေကြောင်း အမည်မဖေါ်လိုသည့် မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“တရုတ်-မြန်မာ နယ်စပ်ဂိတ်ပေါက် နည်းနည်းကျော်လိုက်ရင် လောင်းကစားရုံတွေချည်းပဲ။ သူတို့က ပြည်သူ့စစ်တွေကို အားကိုးပြီး လုပ်စားကြတာ၊ ပြီးတော့ လိုင်းကြေးဆိုတာ ရှိသေးတယ် လစဉ် အပတ်စဉ်သွင်းရတာ။ မြို့နယ်ရဲ၊ ခရိုင်ရဲဆို ဘယ်လောက်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးဆို ဘယ်လောက်၊ တခြားဌာန ဆိုင်ရာတွေ ထောက်လှမ်းရေးတွေ၊ စသုံးလုံး (အထူးစုံစမ်းစစ်ဆေးရေး)၊ စရဖ ပြီးတော့ နယ်ထိန်း စတဲ့လူတွေကို ပိုက်ဆံပေးရတယ်” ဟု အဆိုပါ မူဆယ်ဒေသခံက ပြောသည်။

လောင်းကစားရုံများသည် မူဆယ်မြို့အတွင်း ရပ်ကွက် ၉ ခု အပြင် မြို့ဆင်ခြေဖုံးဖြစ်သော ဟိုနား၊ စက်မှု၊ ကောင်းမူးလွယ်၊ မန့်ဝိန်း၊ ခူးဝိန်း စသည့် ရပ်ကွက်ဘက်တွင်လည်း ငါးပစ်ဂိမ်းစက်နှင့် အခြား လောင်းကစားရုံ အမြောက်အများရှိကြောင်း သိရသည်။

Most read this week

Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...
December 1, 2025
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/...