ရွှေတူဖော်မှုကြောင့် မိုင်းယောင်းဒေသခံများ ရေအသုံးပြုခက်ခဲလာ

ရွှေတူဖော်မှုကြောင့် မိုင်းယောင်းဒေသခံများ ရေအသုံးပြုခက်ခဲလာ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် ရွှေအလွန်အကျွံတူးဖော်မှုကြောင့် ဒေသခံများ ရေအသုံးပြုရန်အတွက် အခက်အခဲကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။

မိုင်းယောင်းမြို့ဒေသခံများသည် နမ့်ယောင်းချောင်းနှင့် နမ့်ခပ်ချောင်းရေကို အဓိက အသုံးပြုကြသည်။

လက်ရှိ ထိုရေထွက်အပေါ်တွင် ရွှေတူးဖော်မှုနှင့် အဆိပ်ပါသော ဓာတုပစ္စည်းများကို အသုံးပြုမှုကြောင့် မိုင်းယောင်းမြို့အတွင်း အသုံးပြုသောရေများ အရောင်ပြောင်းကာ ညစ်ညမ်းနေကြောင်း ဒေသခံများက ပြောကြားသည်။

လက်ရှိ မိုင်းယောင်းမြို့နယ်အတွင်းတွင် ရေတွေ ညစ်နောက်နေပြီး ရေချိုးခြင်း၊ အိုးပန်ကန်ဆေးခြင်းလည်း မပြုလုပ်နိုင်တော့ပေ။

“အပေါ်မှာ သူများက ရွှေတူးကြတာ။ ရွှေတူးတော့ ရေတွေကအရမ်းကိုနောက်နေတယ်။ အခုက အသုံးပြုလို့လည်း မရဘူး။ သူတို့ဒီလိုလုပ်လို့ ငါးတွေ၊ ခရုတွေ၊ ဂဏန်းတွေလည်း အကုန်သေတယ်။ ဘာမှမရှိတော့ဘူး။ မိုင်းယောင်းမှာ အသုံးပြုတဲ့ ရေချောင်းကတော့ ၄ ခု ရှိတယ်။ ဒါမဲ့ သူတို့ရွှေတူးတဲ့နေရာက ရေထွက်မှာ သွားတူးတော့ ချောင်းရေတွေအားလုံးက ညစ်ညမ်းပြီ နောက်ကုန်တာ။ သုံးလို့မရတော့ဘူး။ စိုက်ပျိုးလို့လည်း မရတော့ဘူး။ ကျမတို့လည်း ရေသုံးလို့မရတော့ဘူး” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ ရေများ ညစ်ညမ်းလာခြင်းကြောင့် သောက်သုံးရေအတွက်လည်း ခက်ခဲလာကြောင်း သိရသည်။

ထိုအပြင် ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် သောက်သုံးရေသန့် ၁ လီတာဗူးကို ကျပ်ငွေ ၂၀၀၀ ထောင်ဈေး မြင့်တက်လာကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ရွှေတူးဖော်မှုကြောင့် မိုင်းယောင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့ဒေသခံများသည် ရေအသုံးပြုရန် မရသည့်အတွက်ကြောင့် မြို့ပေါ်သို့ ပြောင်းရွှေ့နေကြောင်း ၎င်းအမျိုးသမီးက ပြောသည်။

“အဲရွှေတူးတဲ့အနီးက ကျေးရွာဒေသခံတွေ နေလို့မရတော့ဘူး။ ပြောင်းကြကုန်ပြီ။ တချို့လည်း အနီးနားရွာက အမျိုးတွေမှာ သွားနေတယ်။ တချို့လည်း မြို့ပေါ်မှာလာနေကြတယ်။ မြို့မှာ အိမ်တွေလာငှား၊ လာဝယ်ပြီးတော့ နေကြတာတွေလည်းရှိတယ်။ ဘယ်လောက်ပြောင်းကြလည်းတော့ ကျမလည်း သေချာမသိဘူး” ဟု အထက်ပါအမျိုးသမီးက ဆိုသည်။

မိုင်းယောင်းမြို့နယ်လက်ရှိ ရွှေတူးဖော်နေသည့် ကုမ္ပဏီသည် မည့်သည့်ကုမ္ပဏီက ဖြစ်ကြောင်းကို အတိအကျ မသိရှိရသေးသော်လည်း တရုတ်လူမျိုးများဖြစ်ပြီး ထိုတူးဖော်သည့် အစုရှယ်ယာထဲတွင် မိုင်းယောင်းဒေသခံများပါနေကြောင်း သိရသည်။

အဆိုပါ မိုင်းယောင်းမြို့နယ် နမ့်ယောင်း အထက်ပိုင်း ရွှေတူးဖော်မှုကို ယခင်က ရပ်နားထားပြီးတော့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ခွင့်ပြုပေးခဲ့သည့်အတွက်ကြောင့် ပြန်လည်တူးဖော်မှုရှိနေကြောင်း ဒေသခံများက ပြောသည်။

“ဘယ်ကုမ္ပဏီလဲတော့ မသိဘူး။ ဒီလိုရွှေတူးနေတာက ကျမတို့ မိုင်းယောင်းဒေသခံတွေလည်း ပါတယ်။ ကျမတို့ မိုင်းယောင်းကလည်းတွေကပဲ ခေါ်လာတာ။ တရုတ်လူမျိုးထင်တယ်။ စစ်တပ်က ခွင့်ပြုထားတာလေ။ စစ်တပ်က ခွင့်မပြုရင် ဘယ်သူမှလုပ်လို့မရဘူးလေ။ လူကြီးတွေလည်း ပိုက်ဆံမရရင် မပေးလုပ်ဘူးလေ” ဟု ဒေသခံတစ်ဦးက ပြောသည်။

မိုင်းယောင်းမြို့နယ်အတွင်း ရွှေနှင့် သတ္တုတူးဖော်မှုကြောင့် သစ်တောများပြုန်းတီးလာကာ ၂၀၂၀ ခုနစ်မှစပြီး ရေကြီးရေလျှံမှုများ ကြုံတွေ့လာသည်။

မိုင်းယောင်းမြို့နယ်တွင် နမ့်လွေချောင်း၊ နမ့်ခပ်ချောင်း၊ နမ့်ပုန်းချောင်း၊ နမ့်ဖွန်ချောင်းနှင့် နမ့်ယောင်းချောင်း တို့ကို မှီတင်းပြီး အသက်မွေးဝမ်းကျောင်းပြုနေရသည်။

အလားတူ မိုင်းဆတ်မြို့နယ် ရွှေနှင့် သတ္တုတူးဖော်မှုကြောင့် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မယ်အိုင်မြို့နယ်ကို ဖြတ်သန်းစီးဆင်သည့် နမ့်ခုတ်မြစ်ထဲလည်း စီးဝင်သည်။

အဆိုပါ စီးဝင်လာတဲ့ရေထဲ အာဆင်းနစ်ဓာတ် ဓာတုပစ္စည်းတွေကို ထည့်သွင်းအသုံးပြုထားသည်ကို တွေ့ရှိသောကြောင့် ရေတွေအဆိပ်သင့်ပြီ ငါးတွေသေဆုံးမှု ရောဂါကူးစက်မှုရှိကြောင်း ထိုင်းမီဒီယာတစ်ချို့က ဖော်ပြထားသည်။

အဆိုပါ ဓာတ်ပါဝင်သည့်ရေသည် အရေပြားကို ယားယံစေပြီး အဖုအပိန့်တွေဖြစ်စေပြီ တဖြည်းဖြည်း မည်းလာခြင်း၊ သောက်သုံးမိပါက ဝမ်းသွားစေခြင်း၊ ရေရှည်မှာ ကင်ဆာရောဂါဖြစ်နိုင်ကြောင်း ထိုင်းအစိုးရဘက်က ထုတ်ပြန်ထားသည်။

ထိုကြောင့် ဒေသတွင်းနေ ပြည်သူတွေအနေနဲ့ အဆိုပါမြစ်ရေ သောက်သုံးခြင်း ရှောင်ကြဉ်သင့်တယ်လို့လည်း ထိုင်းဘက်က သတိပေးထားသည်။

အဆိုပါ မိုင်းဆတ်မြို့က ရွှေတူးဖော်မှုကို UWSA ဝ တပ်ဖွဲ့က ၂၀၀၄ - ၂၀၀၅ ခုနှစ်ကတည်းက တရုတ်ကုမ္ပဏီနဲ့ပူးပေါင်းပြီး ရွှေတေူးဖော်မှုတွေ ပြုလုပ်ခဲ့သည်။

သျှမ်းပြည်အရှေ့ပိုင်းက ရွှေတူးဖော်မှုတွေကြောင့် မိုးရာသီကာလမှာ ရေကြီးမှုတွေ နှစ်စဉ်နှစ်တိုင်း ဖြစ်ပေါ်စေပြီ ပြီးခဲ့တဲ့နှစ်ကစ မြေပြိုမှုတွေ စတင်ဖြစ်ပေါ်လာခဲ့သည်။

Most read this week

Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...
December 1, 2025
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/...