ဗန်းမော်မြို့တွင်း သီရိရတနာစျေးအပါအဝင် လူနေအိမ်အများအပြား မီးလောင်ပျက်စီးနေ

ဗန်းမော်မြို့တွင်း သီရိရတနာစျေးအပါအဝင် လူနေအိမ်အများအပြား မီးလောင်ပျက်စီးနေ
ဧပြီလ ၂၉ ရက်နေ့ ဗန်းမော်မြို့ နံနက်စျေးအပါ လူနေအိမ်တွေ မီးလောင်ပျက်စီးနေတဲ့အခြေအနေ။
ဧပြီလ ၂၉ ရက်နေ့ ဗန်းမော်မြို့ နံနက်စျေးအပါ လူနေအိမ်တွေ မီးလောင်ပျက်စီးနေတဲ့အခြေအနေ။

မြို့သိမ်းတိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်မြို့မှာ မြို့အထင်ကရ သီရိရတနာ နံနက်စျေးကြီး ဒီကနေ့ ဧပြီလ ၃၀ ရက်နေ့အထိ မီးလောင်ပျက်စီးနေဆဲဖြစ်သလို အရပ်သားနေအိမ် အများအပြားလည်း ဆက်ပြီး မီးရှို့ဖျက်ဆီးခံနေရတယ်လို့ ဒေသသတင်းအရင်းအမြစ်တွေကနေ သိရပါတယ်။

ဗန်းမော် သီရိရတနာစျေးကြီး မနေ့က မွန်းလွဲပိုင်းမှာ ၃ နာရီဝန်းကျင်ကနေ မီးစတင်လောင်ကျွမ်းနေတာဖြစ်ပြီး လူနေအိမ်တစ်ချို့ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေသလို တိုက်ပွဲကြောင့် လက်နက်ကြီးထိကာ မြို့တွင်း ကြီးမားတဲ့ မီးလောင်ပျက်စီးတာတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကို ပြောပါတယ်။

“စစ်ကောင်စီတပ်တွေ ဗန်းမော်မြို့ရဲ့ စျေးကြီးကို မီးရှို့လိုက်ပြီ။ ပြီးရင် မနေ့က တစ်ရက်ထဲ ဗန်းမော်မြို့ထဲက နေအိမ်တွေလည်း အများကြီးမီးရှို့ခံလိုက်ရတယ်။ ဒီကနေ့ အထိမီးလောင်နေတုန်းပဲ” လို့ ပြောပါတယ်။

ဗန်းမော်မြို့ကို KIA ပူးပေါင်းတပ်က ဧပြီလ ၂၅ ရက်နေ့ကစတင်ကာ တဖန်ထိုးစစ်တိုက်ခိုက်နေတာဖြစ်ပြီး တစ်ကျော့ပြန်တိုက်ပွဲဖြစ်တဲ့ ၆ ရက်အတွင်းမှာပဲ ဗန်းမော် နံနက်စျေးကြီးနဲ့ လူနေအိမ်တွေ ထပ်မံ မီးရှို့ဖျက်စီးခံနေရတာ ဖြစ်ပါတယ်။

ဒီကနေ့ ဧပြီလ ၃၀ ရက်နေ့အထိ နှစ်ဖက်စစ်တပ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ဒီရက်ပိုင်းတိုက်ပွဲတွေမှာ KIA လက်လွတ်လိုက်ရတဲ့ မြို့တွင်း စုပေါင်းရုံး နဲ့ စစ်တပ်နေရာယူထားတဲ့ ကာကင်းတပ်စခန်းတစ်ချို့ကို ထပ်မံပြန်သိမ်းယူခဲ့နိုင်သလို ခလရ ၄၇၊ စကခ (၂၁) နဲ့ တက္ကသိုလ်ဝင်းနေရာတွေမှာ ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။

ဧပြီလ ၂၉ ရက်နေ့ တိုက်ပွဲမှာ အလံဖြူထောင် လက်နက်ချတဲ့ စစ်တပ် လက်အောက်ခံ ရဲမေ ၁၀၀ ခန့်ကို KIA ဖမ်းဆီးနိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် အတည်ပြုနိုင်ခြင်းမရှိသလို သတင်းအမှားလည်း ဖြစ်နိုင်တယ်လို့ KIA စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဒါပေမယ့် ဗန်းမော် ဓမ္မာရုံဝင်းထဲက ဘုန်းကြီးအပါ အသက် ၁၅ နှစ်အရွယ်ရှိ ကလေးတွေနဲ့ လူကြီး၊ လူလတ်ပိုင်း စုစုပေါင်း ၁၀၀ ကျော်ခန့်ကို KIA က ခေါ်ထုတ်လာနိုင်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကို အခုလို ဆက်ပြောပါတယ်။

“စစ်တပ်နဲ့ ရဲမေတွေကို ဖမ်းဆီးနိုင်တယ်လို့တော့ မကြားမိဘူး။ ပြည်သူ အယောက် ၁၀၀ ကျော်လောက်ကို ခေါ်ထားတယ်လို့တော့ ကြားတယ်။ အဲဒီထဲမှာ ဘုန်းကြီးတွေလည်းပါတယ်။ အသက် ၁၅ နှစ်၊ ၁၈ နှစ် အောက်တောင်ပါတယ်။ အားလုံး ၁၀၀ ကျော်ရှိတယ်လို့ကြားတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၊ မတ်လတွေမှာဖြစ်တဲ့ ဗန်းမော်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဗန်းမော်မြို့ လက်မလွတ်ရေးအတွက် လေကြောင်းအသုံးပြုပြီး နေ့ညမပြတ် ဗုံးကြဲတိုက်ခိုက်တဲ့အပြင် ခေတ်မှီ လက်နက်ကြီး ဒရုန်းတွေနဲ့ ခုခံတိုက်ခိုက်နေတဲ့အတွက် သိမ်းပိုက်ထားတဲ့ နေရာတစ်ချို့ကို ပြန်လည် လက်လွတ်လိုက်ရတာဖြစ်ပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလလောက်ကနေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲကာလ ၅ လခန့် ကြာမြင့်လာတာနဲ့အညီ KIA ပူးပေါင်းတပ်တွေက ဗန်းမော်မြို့တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ရန်အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

တစ်ဖက်မှာ ဗန်းမော်တိုက်ပွဲ ကြာမြင့်လာတာနဲ့အညီ ဗန်းမော်မြို့ပေါ်ထဲက ဘာသာရေးနဲ့ သက်ဆိုင်တဲ့ အထင်ကရ အဆောက်အဦးတွေ မီးရှို့ဖျက်ဆီးခံနေရပြီး၊ ဖေဖော်ဝါရီလတုန်းက ဗန်းမော် ရိုမန်ကက်သစ်လစ်ဘုရားကျောင်းဝင်းနဲ့ San Patrick’s Cathedral ကျောင်းတော်ကြီး မီးလောင်ထိခိုက်ပျက်စီးတာတွေ ဖြစ်ခဲ့ရပါတယ်။

ဒါကြောင့် တိုက်ပွဲကြာချိန် ၅ လအတွင်း ဒေသခံသတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုချက်အရ တိုက်ပွဲအတွင်း မီးလောင်ပျက်စီးသွားတဲ့ အရပ်သားနေအိမ် စုစုပေါင်း ထောင်နဲ့ချီ ပျက်စီးဆုံးရှုံးမှု ရှိနိုင်တယ်လို့ ပြောဆိုနေကြပါတယ်။

March 14, 2026
KBZ Pay ကို အကြောင်းပြပြီး ငွေလိမ်လည်သူတွေများလာတာကြောင့် အသုံးပြုသူတွေဟာ ငွေကြေးလုံခြုံရေးအပေါ်...
မြစ်ကြီးနား - ဗန်းမော်ကားလမ်းပေါ် နမ်ဆန်ကျေးရွာအနောက်ဘက်ခြမ်း တရုတ်လုပ်ငန်းရှင်တွေ သံသတ္တုရိုင်းတူးဖော်နေတဲ့မြင်ကွင်း
March 13, 2026
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေတချို့မှာ တိုးချဲ့လာတဲ့...
စင်းခန်းကျေးရွာအနီး ရွှေဖော်လုပ်ကိုင်နေတဲ့ နေရာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့မြင်ကွင်း
March 12, 2026
ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်နေတဲ့ ရွှေဖောင်တွေကို...
March 11, 2026
အာဏာသိမ်းစစ်တပ် ပြုလုပ်ခဲ့တဲ့ ၂၀၂၆ ရွေးကောက်ပွဲရလဒ်အတိုင်း မတ်လ ၂၀ ရက်နေ့မှာ တိုင်းဒေသကြီး နှင့်...