ဒုက္ခသည်နေရပ်ပြန်ရေး စစ်ကောင်စီ၊ AA တို့နှင့် ဆက်သွယ်ဆောင်ရွက်နေဟု ဘင်္ဂလားဒေ့ရှ်ပြော

ဒုက္ခသည်နေရပ်ပြန်ရေး စစ်ကောင်စီ၊ AA တို့နှင့် ဆက်သွယ်ဆောင်ရွက်နေဟု ဘင်္ဂလားဒေ့ရှ်ပြော
၂၀၂၅ ခုနှစ် ဧပြီလ ၈ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ နိုင်ငံခြားရေးရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားနေသည့် ဒေါက်တာခါလီလာရာမန်။ ဓာတ်ပုံ - Bangla Tribune
၂၀၂၅ ခုနှစ် ဧပြီလ ၈ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ နိုင်ငံခြားရေးရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားနေသည့် ဒေါက်တာခါလီလာရာမန်။ ဓာတ်ပုံ - Bangla Tribune

မွတ်ဆလင်ဒုက္ခသည်များ မိမိသဘောဆန္ဒနှင့်အညီ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေးအတွက် မြန်မာအစိုးရနှင့်သာမက အာရက္ခတပ်တော်နှင့်ပါ ဆက်သွယ်ဆောင်ရွက်နေသည်ဟု ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများက ဧပြီလ ၈ ရက်နေ့တွင် ပြောကြားလိုက်သည်။

ထိုင်းတွင်ကျင်းပခဲ့သည့် BIMSTEC အစည်းအဝေးနှင့် ပတ်သက်၍ နိုင်ငံခြားရေးရုံး၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

နေရပ်ပြန်ပို့ရေးသည် အလွန် အချိန်ပေးရသည့် အလုပ်ဖြစ်သော်လည်း ဘင်္ဂလားဒေ့ရှ်အနေဖြင့် ဒုက္ခသည်များ နောက်နှစ် အိဒ်ပွဲတော်ကို သူတို့၏ မိခင်နေရပ်တွင် ကျင်းပနိုင်အောင် ပြန်ပို့ပေးဖို့ မျှော်လင့်ထားသည်ဟု ယာယီအစိုးရအဖွဲ့ခေါင်းဆောင် မိုဟာမက်ယူနွတ်၏ အဆင့်မြင့်ကိုယ်စားလှယ် ဒေါက်တာ ခါလီလာရာမန်က ပြောကြားသည်။

"ဒီအတွက် မြန်မာ၊ ရခိုင်ပြည်က လက်ရှိအာဏာပိုင်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ မိတ်ဆွေနိုင်ငံတွေနဲ့ ကျွန်တော်တို့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်" ဟု သူက ပြောသည်။

ဒုက္ခသည် နေရပ်ပြန်ပို့ရေး ဆွေးနွေးမှုများတွင် မြန်မာအစိုးရနှင့် အာရက္ခတပ်တော် နှစ်ဖွဲ့လုံး ပါဝင်သည်ဟု ခါလီလာက အတည်ပြုပြောကြားသည်။

မြန်မာကို အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြုသည့် တစ်ချိန်တည်း၌ ဒုက္ခသည်နေရပ်ပြန်ရေးကို ထောက်ခံသည့် အာရက္ခတပ်တော်နှင့်ပါ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသည်ဟု သူက ပြောသည်။ AA နှင့် ဆွေးနွေးရာတွင် ကုလသမဂ္ဂက ကြားခံအဖြစ် ဆောင်ရွက်ပေးလျက်ရှိသည်ဟုလည်း ဒေါက်တာခါလီလာ၏ ပြောကြားချက်အရ သိရသည်။

"နိုင်ငံအစိုးရအဆင့် မဟုတ်တဲ့အတွက် အာရက္ခတပ်တော်ဟာ နိုင်ငံတော်အဆင့် အုပ်ချုပ်ရေး စံချိန်စံညွှန်းတွေ လိုက်နာဖို့တာဝန် ရှိမနေပါဘူး။ ဒါကြောင့် တာဝန်ယူမှု တာဝန်ခံမှုကို အာမခံပေးနိုင်ဖို့ သိပ်အရေးပါပါတယ်" ဟု သူကပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်း၌ မြန်မာစစ်ကောင်စီက မွတ်ဆလင်ဒုက္ခသည် ၁၈၀,၀၀၀ ကို ၎င်းတို့သည် မြန်မာနိုင်ငံမှဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ပြန်လည်လက်ခံမည်ဟု ပြောကြားခဲ့သည်။

"ဒီ ၁၈၀,၀၀၀ က ချက်ချင်းပြန်ရမှာတော့ မဟုတ်ပါဘူး။ ဘယ်လိုပြန်မလဲ၊ ပြန်မယ့်နေရာရဲ့ အခြေအနေ၊ လုံခြုံရေးဆိုင်ရာ စိုးရိမ်ရမှုတွေ၊ အသက်မွေးဝမ်းကျောင်းအတွက် ကောင်းမွန်တဲ့ အခြေအနေ စတဲ့ လုပ်ငန်းစဉ်တွေ ရှိပါသေးတယ်" ဟု ဒေါက်တာ ခါလီလာရာမန်ကပြောသည်။ မွတ်ဆလင်များ ချောချောမွေ့မွေ့ နေရပ်ပြန်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်က ရခိုင်ပြည်တွင် အေးချမ်းတည်ငြိမ်မှုကို လိုလားသည်ဟုလည်း သူက ပြောကြားသည်။

"ငြိမ်းချမ်းမှုမရှိရင် ဒီစစ်မက်ဇုန်ထဲကို ဘယ်သူ့ကိုမှ တွန်းပို့လို့ မရပါဘူး။ ကျွန်တော်တို့အနေနဲ့ ကိုယ့်သဘောဆန္ဒအလျောက် နေရပ်ပြန်ရေးကိုသာ အလေးထားပြောကြားလာတာ ဖြစ်တဲ့အတွက် ဘယ်သူ့ကိုမှ အတင်းပြန်ခိုင်းမှာ မဟုတ်ပါဘူး။ ပြန်ချင်တဲ့သူတွေတော့ အများအပြား ရှိနေပါတယ်" ဟု ဒေါက်တာ ခါလီလာရာမန်က ပြောကြောင်း ဒေလီစတားသတင်းတွင် ဖော်ပြထားသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းက အာရက္ခတပ်တော်နှင့် ဆွေးနွေးမှုများ ပြုလုပ်စဉ် တပ်တော်ကလည်း ဒုက္ခသည်များ နေရပ်ပြန်ရေးသည် ၎င်းတို့၏ အခြေခံ ရပ်တည်ချက် ဖြစ်သည်ဟု ပြောကြားခဲ့သည့်အတွက် ယခု ဒုက္ခသည် ၁၈၀,၀၀၀ နေရပ်ပြန်ရေးကို စီစဉ်နိုင်မည်ဟု မိမိတို့ ယုံကြည်ထားကြောင်း သူကပြောသည်။

သို့သော်လည်း ဒုက္ခသည် ၁၈၀,၀၀၀ လက်ခံမည်ဟူသည့် စစ်ကောင်စီ၏ လတ်တလော ပြောကြားချက်အား အာရက္ခတပ်တော်က မည်သို့သဘောရှိသည်ကိုမူ ဒေါက်တာခါလီလာရာမန်က ပြောကြားခြင်း မရှိသလို AA ဘက်ကလည်း လက်ရှိအထိ တစုံတရာ သဘောထားထုတ်ပြန်ခြင်းမျိုး မရှိသေးပေ။

July 22, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသတွင် ကျေးရွာပေါင်း ၃၀ ကျော်ရှိသော်လည်း...
July 21, 2026
The Myanmar military launched a coordinated aerial bombardment on mountain ranges in northern...
July 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်မြောက်ပိုင်း၊ ကျောက်ဆည်ပြင်ကျေးရွာအနီးရှိ တောင်တန်းများကို စစ်တပ်က...
July 17, 2026
စစ်တပ်နှင့် ရုရှားစစ်တပ်တို့သည် ယခုရက်ပိုင်းအတွင်း နေပြည်တော်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ...