တံတားဦးတွင် ငလျင်ဘေးသင့် ပြည်သူများကို ကိုယ်ထူကိုယ်ထ ကယ်ဆယ်နေရ

တံတားဦးတွင် ငလျင်ဘေးသင့် ပြည်သူများကို ကိုယ်ထူကိုယ်ထ ကယ်ဆယ်နေရ

မန္တလေးတိုင်း၊ တံတားဦးမြို့တွင် ငလျင်ကြောင့် နေအိမ်အဆောက်အဦများ ပြိုကျပျက်စီးမှုနှင့် ပိတ်မိနေသူများကို ဒေသခံများက ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေရကြောင်း သတင်းရရှိသည်။

ကူညီကယ်ဆယ်ရေးအဖွဲ့များ မရောက်၍ ပြိုကျပျက်စီးသွားသည့် နေအိမ်အဆောက်အဦနှင့် ပိတ်မိနေသူများအား ဒေသခံများမှာ ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေကြရခြင်းဖြစ်ကြောင်း ပြောသည်။

"အရေးပေါ် သွားလာရေးအတွက် အဆင်ပြေအောင်လို့ လမ်းပိတ်နေတာတွေကို ရှင်းတယ်။ ပိတ်မိနေကြသူ ရှိသေးတယ်။ ဖယ်ထုတ်မယ့် ကိရိယာတွေ မရှိဘဲ နိုင်တာလေးတွေနဲ့ လုပ်နေကြတာ" ဟု တံတားဦးမြို့ခံ အမျိုးသမီးတစ်ဦးက DMG သို့ ပြောသည်။

တံတားဦးမြို့တွင် ဒေသခံ ၂၀၀ ခန့်မှာ နေအိမ်အဆောက်အဦများ ပြိုကျပျက်စီးရာ၌ ပိတ်မိသွားပြီး ယနေ့အချိန်ထိ ကယ်ထုတ်မရသေးသူများ ရှိနေကြောင်း သိရသည်။

ထို့အတူ တံတားဦးမြို့သို့ ဝင်ရောက်မည့် ကားလမ်းအချို့မှာ ပျက်စီးနေပြီး ဆက်သွယ်ရေးလိုင်းများ အဆင်မပြေမှုတို့ကြောင့် နိုင်ငံတကာနှင့် အခြားကူညီကယ်ဆယ်ရေး အဖွဲ့များမရောက်ရှိခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။

"စစ်ကိုင်းတို့ မန္တလေးဘက်တို့မှာတော့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ အများကြီး ရောက်ကြတယ်။ ဒီဘက်ကိုတော့ မရောက်ကြဘူး။ ဒီမှာက ပျက်စီးနေတာတွေကို ရှင်းဖို့ တချို့မှာ ပိုက်ဆံနဲ့ ငှားပြီး ခိုင်းတာတွေ ရှိတယ်။ မတ်လ သုံးဆယ့်တစ်ရက်နေ့ကဆိုရင် အထဲက အလောင်းတွေ အပုပ်နံ့ထွက်လာလို့ ဝိုင်းပြီး ရှင်းကြရတယ်" ဟု အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

ပိတ်မိနေသူများထဲမှ အသက်ရှင်နေသူများအား ကယ်ထုတ်ပြီး ဆေးကုသမှုပေးလျက်ရှိကြောင်း သိရသည်။ အသက်ရှင်နေသူများအား ဆေးကုသမှုပေးရာတွင် တံတားဦးမြို့ ဆေးရုံးကြီးတစ်ခုတည်းဖြင့် မလုံလောက်၍ NGO ဆေးအကူအဖွဲ့ဖြင့် ဆေးကုသမှုများ ပေးနေရကြောင်း သိရသည်။

"ကူညီကယ်ဆယ်ရေးအဖွဲ့တွေ မရောက်လို့ ကိုယ့်ပါကိုယ် ဖယ်ထုတ်နေရတာကတော့ အရမ်းခက်ခဲပါတယ်။ ဆေးအဖွဲ့ကလည်း NGO အဖွဲ့တစ်ခုနဲ့ ဆေးရုံကြီးတစ်ခုတည်းရှိတယ်" ဟု နောက်ထပ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ဒေသခံများမှာ အကာအကွယ်ပစ္စည်းများ မပါဘဲ ဆောက်လုပ်ရေးပစ္စည်းအချို့ကို အသုံးပြုကာ ပျက်စီးသွားသည့် အဆောက်အအုံများနှင့် ပိတ်မိနေသူများအား တတ်နိုင်သလောက် ကူညီနေကြခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။

လက်ရှိတွင် အရေးပေါ် အစားအသောက်နှင့် အမျိုးသမီးလစဉ်သုံး ပစ္စည်းများ လိုအပ်လျက်ရှိကြောင်း သိရသည်။

မတ်လ ၂၈ ရက်တွင် စစ်ကိုင်း ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်ကြီးကြောင့် ဧပြီလ ၅ ရက်နေ့အထိ သေဆုံးသူ ၃,၄၅၅ ဦးနှင့် ဒဏ်ရာရရှိသူ ၄,၈၄၀ ဦးရှိကာ ပျောက်ဆုံးသူ ၂၁၄ ဦးထိရှိကြောင်း ယမန်နေ့ ဧပြီလ ၆ ရက်နေ့တွင် စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

July 25, 2026
ရခိုင်ပြည်အတွင်း ယခုရက်ပိုင်း၌ ဆန်ဈေးနှုန်းများ မြင့်တက်လာနေကြောင်း...
July 24, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦး...
July 22, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသတွင် ကျေးရွာပေါင်း ၃၀ ကျော်ရှိသော်လည်း...
July 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်မြောက်ပိုင်း၊ ကျောက်ဆည်ပြင်ကျေးရွာအနီးရှိ တောင်တန်းများကို စစ်တပ်က...