စစ်တွေက အခြေခံလူတန်းစားများ အငတ်ဘေးဆိုက်

စစ်တွေက အခြေခံလူတန်းစားများ အငတ်ဘေးဆိုက်

ပုံအညွှန်း - စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်မှ သက်ကြီးရွယ်အို မိသားစုတစ်ခုအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ရခိုင်ပြည်၊ စစ်တွေမြို့ရှိ ဆင်ခြေဖုံးရပ်ကွက်က အခြေခံလူတန်းစားနှင့် သက်ကြီးရွယ်အိုများမှာ အလုပ်အကိုင်ရှားပါးခြင်း၊ ဝင်ငွေမရှိခြင်းတို့ကြောင့် လက်ရှိတွင် အငတ်ဘေးဒဏ်ကို ဆိုးရွားစွာ ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။

အခြေခံစားလူတန်းစားများ အဓိကနေထိုင်သည့် စက်ရုံစုရပ်ကွက် (နာဇီရွာ) ဓညဝတီရပ်ကွက်နှင့် မင်းဂံရပ်ကွက်တို့တွင် ဆင်းရဲနွမ်းပါးသူများမှာ ထမင်းနပ်မှန် မစားရဖြစ်နေကြောင်း ပြောဆိုကြသည်။

"မီးလောင်ကွင်း (စက်ရုံစု) မှာ အဖိုး၊ အဖွားတွေဆိုရင် ထမင်းငတ်နေကြတာ အများကြီးတွေ့တယ်။ သူတို့မှာ လုပ်ကျွေးဖို့ သားသမီးကလည်း မရှိ၊ သူတို့ကိုယ်တိုင်လည်း အလုပ်မလုပ်နိုင်တော့ ပိုပြီး ဒုက္ခရောက်တယ်။ ထမင်းချက်ဖို့ ဆန်မရှိတဲ့နေ့ဆို ရေသောက်ခံနေရတယ်" ဟု စက်ရုံစုရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင် ဆင်းရဲနွမ်းပါးသူများနှင့် အခြေခံလူတန်းစားများကို ငွေကြေးတတ်နိုင်သူအချို့က ထမင်းထုပ်များ၊ ဆန် စသည့် အကူအညီများ ပေးနေသော်လည်း လုံလောက်မှု မရှိကြောင်း သိရသည်။

ထို့အတူ အချို့မှာ လမ်းဘေးတွင် ပေါက်နေသည့် အသီးအရွက်များကို ခူးကာ ရပ်ကွက် အနှံ့လှည့်လည် ရောင်းကြပြီး အချို့မှာ တောင်းရမ်းစားသောက်ခြင်း၊ ခိုးဆိုးလုယက်ခြင်း စသည့် နည်းမျိုးစုံဖြင့် ထမင်းနပ်မှန်နိုင်ရေး ကြိုးပမ်းနေကြကြောင်း ဒေသခံများက ပြောသည်။

"သားသမီး ထမင်းငတ်နေတာကို ဘယ်မိဘမှ မမြင်ရဲဘူး။ ဆိုတော့ မိဘတွေမှာ ခိုးပြီးကျွေးရ၊ တောင်းရမ်းပြီး ကျွေးရနဲ့ နည်းမျိုးစုံနဲ့ ဖြေရှင်းနေရပါတယ်။ ဘယ်နားမှာ အလှူတွေ ပေးနေလဲဆိုတာကို ရှာနေကြတာလည်း အများကြီး။ စစ်တွေမြို့ထဲက ဆင်းရဲနွမ်းပါးသူတွေဟာ ဒီထက်ပိုပြီး ဆိုးလာဖို့ပဲ ရှိတော့တယ်" ဟု နောက်ထပ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်တွေရှိ အရပ်ဖက်အဖွဲ့အစည်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှာလည်း ဘုန်းတော်ကြီးကျောင်းရှိ စစ်ဘေးရှောင်များနှင့် ဒုက္ခသည်စခန်းများကိုသာ ကူညီထောက်ပံ့ပေးနေပြီး ယင်းအခြေခံလူတန်းစားများကို အကူညီပေးမှု မရှိပေ။

ယင်းကြောင့် စက်ရုံစုရပ်ကွက်မှ အခြေခံလက်လုပ်လက်စား မိသားစုများမှာ ဘုန်းတော်ကြီးကျောင်းများသို့ ပြောင်းရွှေ့နေထိုင်သူများလည်း ရှိလာနေသည်။

"ဘုန်းကြီးကျောင်းမှာနေရင် ထမင်းမငတ်တော့ဘူးဆိုပြီး ဘုန်းကြီးကျောင်းကို ပြောင်းသွားတယ်။ အိမ်မှာနေလို့ ငတ်နေမယ့် အတူတူ ထမင်းစားရမဲ့ နေရာကိုပဲ သွားကြတာပါ" ဟု ဓညဝတီရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။

တိုက်ပွဲများကြောင့် စစ်တွေဒေသခံ အချို့မှာ ပြည်မဖက်နှင့် အခြားဘေးလွတ်ရာဆီ တိမ်းရှောင်နေကြသော်လည်း လက်ရှိ မြို့တွင်းပိတ်မိနေသူများစုမှာ စားသောက်နေထိုင်ရေး၊ ကျန်းမာရေးနှင့် အခြားလူမှုဘဝ အခက်အခဲများစွာ ရင်ဆိုင်နေရသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...