အိုးဘိုအကျဥ်းထောင်အတွင်း ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁၂ ဦးရှိ၊ စစ်ကောင်စီ သတင်းဖုံးဖိထား

အိုးဘိုအကျဥ်းထောင်အတွင်း ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁၂ ဦးရှိ၊ စစ်ကောင်စီ သတင်းဖုံးဖိထား

မန္တလေးတိုင်းဒေသကြီး၊ အိုးဘိုအကျဥ်းထောင်တွင် ငလျင်ဒဏ်ကြောင့်  သေဆုံးသူ (၁၂) ဦးရှိပြီး (၁၀) ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် - PPNM က  ဧပြီလ ၁ ရက်တွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် မတ်လတ် ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် အင်းအားပြင်းငလျင်ဒဏ်ကြောင့် ထောင်အတွင်းရှိ အကျဥ်းဆောင်များနှင့် အဆောက်အဦးအချို့ ပြိုကျပျက်စီးခဲ့သည့်အတွက် သေဆုံးမှုများ ရှိခဲ့ခြင်းဖြစ်သည်။

ငလျင်လှုပ်ခတ်စဥ်တွင် အကျဥ်းထောင်အတွင်းရှိ အမျိုးသားအလုပ်ရုံ ပြိုကျပြီး အမျိုးသား ၁ ဦး သေဆုံးကာ တစ်ဦး ပြင်းထန်ဒဏ်ရာရရှိသည့်အပြင် အမျိုးသမီးအဆောင် (၁) နှင့် (၂) ပြိုကျမှုတွင် အမျိုးသမီးအနည်းဆုံး (၂) ဦး သေဆုံးပြီး (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသည်ဟု PPNM က ဆိုသည်။

PPNM အနေဖြင့် သေဆုံးကြောင်း အတည်ပြုနိုင်သူ ၄ ဦးရှိသော်လည်း အကျဥ်းသားနှင့် အကျဥ်းဝန်ထမ်းဖြစ်ခြင်းကို သီးခြားခွဲယူကောက်ယူနိုင်ခြင်း မရှိသေးသည့် နောက်ထပ် ထပ်မံအတည်ပြုနေဆဲ သေဆုံးသူ (၈) ဦးရှိပြီး စစ်ကောင်စီဘက်မှ သတင်းဖုံးဖိထားသည့်အတွက် ခက်ခဲမှုများရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

PPNM ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “အခြေအနေအရ သတင်းအမှောင်ချထားတော့ ကျနော်တို့ သိရှိထားတဲ့ အခြေအနေအရ ထိခိုက်သေဆုံးဒဏ်ရာရမှုဟာ ဒီထက်ပိုမိုများနိုင်ပါတယ်။ အကျဥ်းဦးစီးကတော့ အခုချိန်ထိ သတင်းထုတ်ပြန် တာမရှိသေးဘူး။ အခုလို လုပ်ဆောင်နေတဲ့အပေါ် အထဲမှာ ကြီးကြီးမားမား ဒဏ်ရာရရှိမှုတွေကို သူတို့ လျှို့ဝှက်ထားတယ်လို့ ကျနော်တို့က သုံးသပ်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ငလျင်လှုပ်ခတ်ဒဏ်ကြောင့် အိပ်ဆောင်တစ်ဆောင်နှင့်တစ်ဆောင် ကာရံထားသည့် ထောင်အုတ်ရိုးများ ပြိုကျမှုရှိခဲ့ပြီး အကျဥ်းသားများ၏ နေထိုင်စားသောက်ရေးအတွက် မီးနှင့် သောက်သုံးရေ ပြတ်လပ်သည့် အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်ဟု ကိုသိုက်ထွန်းဦးက ဖြည့်စွက်ပြောသည်။

၎င်းအပြင် စစ်ကောင်စီထုတ်ပြန်သော ငလျင်ဘေးကြောင့် ထိခိုက်သေဆုံးစာရင်းတွင် အကျဥ်းထောင်အတွင်း ထိခိုက်သေဆုံးသည့် လူဦးရေများကို ထည့်ပေါင်းထားခြင်း ရှိ/မရှိ မေးခွန်းထုတ်ရန် လိုအပ်နေပြီဖြစ်ကြောင်း PPNM က ထောက်ပြသည်။

“သေဆုံးမှုကို သေဆုံးတဲ့အလိုက် မှန်မှန်ကန်ကန် ထုတ်ပြန်မှသာလျှင် သေဆုံးသည့်အရေအတွက် ဦးရေ မှန်ကန်တိကျမှာ ဖြစ်ပါတယ်။ စစ်ကောင်စီထုတ်ပြန်တဲ့ သေဆုံးမှုထဲမှာ ‌ထောင်တွင်း သေဆုံးမှု စာရင်းပါလား မေးခွန်းထုတ်ချင်ပါတယ်။ ပါခဲ့ရင် အကျဥ်းထောင်အတွင်း ပါဝင်ခဲ့ဦးရေ ပါ ထုတ်ပြန်ပေးစေချင်ပါတယ်” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

လက်ရှိတွင် မန္တလေးမြို့သည် ငလျင်ဒဏ်ကြောင့် လူထိခိုက်မှုနှင့် အဆောက်အအုံ ပြိုကျပျက်စီးမှု အများဆုံး မြို့တစ်မြို့ ဖြစ်ပြီး ငလျင်လှုပ်ခတ်ပြီး လေးရက်မြောက်အထိ သေဆုံးသူ ၂၃၉၅ ဦး ရှိပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ဧပြီလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

Most read this week

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...