သက်ဆိုင်တဲ့ အစုအဖွဲ့တွေမပါပဲ နေပြည်တော်မှာ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းဟာ ပြည်သူလူထုနဲ့ နိုင်ငံတကာကို လှည့်စားဖို့ လုပ်ဆောင်နေတာလို့ CNF ပြော

သက်ဆိုင်တဲ့ အစုအဖွဲ့တွေမပါပဲ နေပြည်တော်မှာ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းဟာ ပြည်သူလူထုနဲ့ နိုင်ငံတကာကို လှည့်စားဖို့ လုပ်ဆောင်နေတာလို့ CNF ပြော

နေပြည်တော်မှာ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က မတ်လ ၂၄ ကနေ ၂၆ ရက်နေ့အထိ ဦးဆောင်ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးစကားဝိုင်းဟာ နိုင်ငံရေးပြသနာမှာ သက်ဆိုင်တဲ့အစုအဖွဲ့တွေ မပါတဲ့အတွက် ပြည်သူလူထုနဲ့ နိုင်ငံတကာကို လှည့်စားဖို့ လုပ်ဆောင်နေတာသာဖြစ်တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

အမျိုးသားစည်းလုံးညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က တာဝန်ရှိသူတွေ၊ NCA အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေအပါအဝင် ၃ ပွင့်ဆိုင် ငြိမ်းချမ်းရေးစကားဝိုင်း Peace Talk 2025 ကို နေပြည်တော်မှာ မတ်လ ၂၄ ရက်နေ့ကနေ မတ်လ ၂၆ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တာပါ။

ချင်းအမျိုးသားတပ်ဦး (CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “နိုင်ငံရေးပြဿနာမှာ လက်တွေ့ပါဝင်နေတဲ့ Stakeholder တွေ မပါရှိတဲ့ လုပ်ဆောင်မှုမှန်သမျှက အချိန်ကုန်၊ လူပန်းတာပဲရှိမယ်၊ နိုင်ငံရေးမှာ စစ်တပ်အာဏာတည်မြဲဖို့ ရွေးကောက်ပွဲတွေ အခုငြိမ်းချမ်းရေးတွေ ဖွံ့ဖြိုးရေးတွေကို ဘန်းပြပြီး ပြည်သူနဲ့ နိုင်ငံတကာကို လှည့်စားနေတယ်လို့ မြင်တယ်” လို့ ပြောပါတယ်။

စစ်တပ်ကို နိုင်ငံရေးကထွက်ဖို့ တောင်းဆိုတာဟာ မဖြစ်နိုင်တဲ့ တောင်းဆိုချက်ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နေပြည်တော်မှာပြုလုပ်တဲ့ ၂၀၂၅ ငြိမ်းချမ်းရေးဆွေးနွေးပွဲရဲ့ နောက်ဆုံးနေ့ မတ်လ ၂၆ ရက်နေ့မှာ အခုလို ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့က ဘာသတ်မှတ်ချက်မှ မရှိဘူး။ ကျန်တဲ့အဖွဲ့အစည်းတွေက သတ်မှတ်ချက်တွေရှိတယ်။ တပ်မတော်က နိုင်ငံရေးက ထွက်မှတို့၊ တပ်မတော်ကို ဖျက်မှတို့၊ ယာယီအစိုးရဖွဲ့မှတို့ စသဖြင့် ဒီလိုမျိုး ကန့်သတ်ချက်တွေ၊ အဲ့ဒါတွေရှိမှ လာဆွေးနွေးမယ်ဆိုတဲ့ မဖြစ်နိုင်တဲ့တောင်းဆိုမှုတွေရှိတယ်”

နေပြည်တော်မှာ စစ်ကောင်စီက ကျင်းပတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ပါဝင်တက်ရောက်သူတချို့ကို Chin World Media မှ ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားရန်မရှိကြောင်းသာ ပြောကြားခဲ့ပါတယ်။

အမျိုးသားစည်းလုံးညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ဦးဆောင်ကျင်းပတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ နိုင်ငံရေးနဲ့ လုံခြုံရေးကဏ္ဍ၊ စီးပွားရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေကို အဖွဲ့ ၂ ဖွဲ့ခွဲကာ စစ်ဘက် အရပ်ဘက် တာဝန်ရှိသူများ၊ တပ်မတော် အငြိမ်းစားအရာရှိများ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ ကဏ္ဍအသီးသီးက ထင်ပေါ်ကျော်ကြားတဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေအပါအဝင် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပါဝင်သင့်ပါဝင်ထိုက်သူတွေလည်းပါဝင်ပြီး တက်ရောက်ဆွေးနွေးခဲ့တယ်လို့ ပြည်တွင်းအခြေစိုက် သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...