မိုးရွာသွန်းမှုကြောင့် ပူတာအို – ခေါင်လန်ဖူး ကားလမ်းဆိုးဆိုးဝါးဝါးပျက်စီးနေပြီး အသွားအလာပြတ်တောက်

မိုးရွာသွန်းမှုကြောင့် ပူတာအို – ခေါင်လန်ဖူး ကားလမ်းဆိုးဆိုးဝါးဝါးပျက်စီးနေပြီး အသွားအလာပြတ်တောက်
နောင်မွန်း ကားလမ်းပိုင်း မြေပြိုထားတဲ့ မြင်ကွင်း (ပုံဟောင်း)။
နောင်မွန်း ကားလမ်းပိုင်း မြေပြိုထားတဲ့ မြင်ကွင်း (ပုံဟောင်း)။

မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ပူတာအို–ခေါင်လန်ဖူး ကားလမ်းပိုင်း ဆိုးဆိုးဝါးဝါးပျက်စီးနေပြီး အသွားအလာတွေ ပြတ်တောက်နေတယ်လို့ သိရပါတယ်။

ပူတာအို–ခေါင်လန်ဖူး ကားလမ်းပိုင်းမှာ မတ်လလဆန်းကတည်းကစပြီး လက်ရှိအချိန်အထိ မိုးတွေ အဆက်မပြတ်ရွာသွန်းနေတာကြောင့် ကားလမ်းပိုင်းမြေပြိုတာ၊ တံတားတွေပျက်စီးတာတွေကြောင့် ကား၊ ဆိုင်ကယ်တွေ အသွား/အလာပြတ်တောက်နေတယ်လို့ ခေါင်လန်ဖူးမြို့နေ အမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။

“ခေါင်လန်ဖူးလမ်းက သွားလို့မရတာ ဒီပတ်နဲ့ဆို နှစ်ပတ်တိတိရှိပြီနော် တစ်နေရာ နှစ်နေရာပဲ ပျက်တာမဟုတ်ဘူး လမ်းက တစ်လမ်းလုံးပျက်နေတာ တစ်လမ်းလုံးလုံး မြေပြိုတဲ့နေရာ တံတားကျိုးတဲ့နေရာကျိုးနဲ့ဆိုတော့ သွားလို့မရသေးဘူး ပြင်မယ်ဆိုရင်လည်း မိုးကဆက်ရွာနေတော့ ပြင်လို့မရဘူးတဲ့” လို့ အသက် ၄၀ ကျော်အရွယ် အထက်ပါအမျိုးသမီးက ပြောပါတယ်။

လတ်တလော ပူတာအိုမြို့ကနေ ခေါင်လန်ဖူး –နောင်မွန်း လမ်းခွဲဖြစ်တဲ့ မဂွေဇဂိတ်အထိ ကား၊ ဆိုင်ကယ်တွေ သွားလာလို့ရပေမယ့် မဂွေဇဂိတ်ကျော်ပြီး ရီဒမ်ဂိတ်ကနေစ ခေါင်လန်ဖူးမြို့အထိ တစ်လမ်းလုံးမှာ မြေပြိုတဲ့နေရာပေါင်း ၃၀ ထက်မနည်းရှိတယ်လို့ သိရပါတယ်။

“တံတားကျိုးတာတွေနဲ့ဆိုရင်တော့ လမ်းပျက်နေတဲ့နေရာက နေရာ ၃၀ တောင်မကဘူးထင်တယ် ဆန်းလွန်ချက် ဟိုးဘက်က ပိုဆိုးတယ် စွန့်စားရဲတဲ့လူကတော့ ဆိုင်ကယ်နဲ့ နည်းနည်းသွားကြတယ် လမ်းမှာ ဆိုင်ကယ်ထမ်းပေးတဲ့ ကယ်ရီအဖွဲ့ရှိတယ် ပိုက်ဆံတော့ပေးရတယ်တဲ့” လို့ အထက်မှာဖော်ပြခဲ့တဲ့ အမျိုးသမီးက ပြောပါတယ်။

လတ်တလော ကုန်ကားနဲ့ ခရီးသည်ကားတွေတော့ လုံးဝ သွားလာလို့မရကြောင်းသိရပြီး ဆိုင်ကယ်တွေကတော့ အထမ်းသမားတွေအကူအညီနဲ့ သွားလာလို့ရတယ်ဆိုပေမယ့် ခက်ခက်ခဲခဲသွားလာရတာ၊ လမ်းပိုင်းမှာ ညအိပ်ရတာတွေကြောင့် သွားလာသူမရှိသလောက်နည်းတယ်လို့ သိရပါတယ်။

အခုလို လမ်းပိုင်းပြတ်တောက်နေတာကြောင့် ပူတာအိုဆင်းမယ့်ခရီးသည်တွေ ခေါင်လန်ဖူးမြို့မှာ ပိတ်မိနေသလို ခေါင်လန်ဖူးတက်မယ့်ခရီးသည်တွေ၊ ကားသမားတွေလည်း ပူတာအိုမြို့ပေါ်မှာ ပိတ်မိနေတယ်လို့ ကုန်ကားမောင်းတဲ့ ကားသမားတစ်ဦးက KNG ကို ပြောပါတယ်။

“ဘယ်တော့သွားလို့ရမလဲမသိဘူး စောင့်နေတာ တစ်ပတ်ကျော်နေပြီ ကားသေးတောင် တက်မလို့ရဘူးဆိုတော့ ကျနော်တို့လို ကားကြီးတွေက ပိုဆိုးမှာပေါ့ နောင်မွန်းဘက်တော့ရတယ် ခေါင်လန်ဖူးဘက်တက်မရတာ ဟိုတလော ဆင်းလာတဲ့ချိန်ကတည်းက လမ်းက စပျက်နေတာဟုတ်တယ်” လို့ ဟင်းခတ်အမွှေးအကြိုင် (ရှားကော၊ ပါးကော) ကုန်ကားမောင်းတဲ့ ကားသမားတစ်ဦးက ပြောပါတယ်။

ကားလမ်းပိုင်းပြတ်တောက်တာ နှစ်ပတ်ကျော်လာပြီဖြစ်တာကြောင့်လက်ရှိ ခေါင်လန်ဖူးမြို့ပေါ်မှာ အခြေခံစားသောက်ကုန်ပြတ်လပ်လာတာ၊ ကုန်စျေးနှုန်းမြင့်တက်လာတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ယခုနှစ် ဇန်နဝါရီလကစပြီး ခေါင်လန်းဖူးမြို့နယ်ထဲမှာ ခရီးသည်ဝင်ရောက်ခွင့်ကို ရီဒမ်းဂိတ်ကနေ ဌာနေပြည်သူ့စစ်အဖွဲ့တွေနဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေက တားမြစ်ထားတာဖြစ်ပြီး လက်ရှိအချိန်ထိ ကချင်ပြည်နယ် မှတ်ပုံတင် ကိုင်ဆောင်ထားတဲ့သူတွေကလွဲပြီး ကျန်တဲ့ တိုင်းနဲ့ပြည်နယ်က မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ ခရီးသည်တွေ ဝင်ရောက်ခွင့်တားမြစ်ထားဆဲ ဖြစ်ပါတယ်။

ခေါင်လန်ဖူး–ပူတာအို ကားလမ်းပိုင်းဟာ မြေသားလမ်းဖြစ်တာကြောင့် နှစ်စဥ် မိုးရွာသွန်းတဲ့ကာလတွေမှာ ကားလမ်းမြေပြိုတာ၊ တံတားကျိုးတာတွေ ပုံမှန်ဖြစ်ပွားလျက်ရှိပါတယ်။

September 7, 2026
ကချင်ပြည်၊ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောယာဉ်တန်းများ စင်းခန်းဒေသအနီးတွင် တိုက်ခိုက်...
မိုးကောင်းမြို့အဝင် ဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် / Crd
September 7, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ဖမ်းဆီးခဲ့သည့်...
စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...