MNDAA နှင့် စစ်ကောင်စီ ကူမင်းဆွေးနွေးပွဲ ထပ်မံ မအောင်မြင်

MNDAA နှင့် စစ်ကောင်စီ ကူမင်းဆွေးနွေးပွဲ ထပ်မံ မအောင်မြင်

ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတို့ တရုတ်နိုင်ငံ ကူမင်းမြို့ဆွေးနွေးပွဲတွင် သဘောတူညီချက်မရရှိဘဲ ပြီးဆုံသွားကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့တွင် တရုတ်၏ကြားဝင်စေ့စပ်ညှိနှိုင်းမှုဖြင့် စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် သွားရောက်တွေ့ဆုံကြပြီ နယ်မြေအုပ်ချုပ်ရေးနှင့် ပတ်သက်ပြီ ဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးပွဲအတွင်း ကိုးကန့်တပ်ဖွဲ့သည် လားရှိုးမြို့အတွင်း နယ်မြေခွဲအုပ်ချုပ်ဖို့ တောင်းဆိုခဲ့ပြီ စစ်ကောင်စီဘက်မှ ကိုးကန့်တပ်ဖွဲ့ MNDAA ကို လားရှိုးမြို့မှ တပ်ဆုတ်သွားပေးရန် တောင်းဆိုခဲ့သည့်အတွက်ကြောင့် ဘဘောတူညီချက်မရရှိခဲ့ဘဲ ဆွေးနွေးပွဲ မအောင်မြင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံ သိရသည်။

ထိုသို့ဆွေးနွေးပွဲ မအောင်ခဲ့သည့်အတွက်ကြောင့် ကိုးကန်ထိန်းချုပ်နယ်မြေအတွင်း နေထိုင်ကြသည့် ဒေသခံများသည် တိုက်ပွဲတစ်ဖန်ထပ်ဖြစ်မှာကို စိုးရိမ်နေကြောင်း လားရှိုးမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဆွေးနွေးပွဲ မအောင်မြင်တော့ ကျနော်တို့လည်း တိုက်ပွဲပြန်ဖြစ်မှာကိုတော့ စိုးရိမ်တာပေါ့။ လေယာဉ်နဲ့ဗုံးလာကြဲမှာကိုပိုကြောက်ရတယ်။ တိုက်ပွဲဖြစ်ရင် ကျနော်တို့ ပြည်သူတွေကပိုပြီထိခိုက်ကြတယ်လေ” ဟု ၎င်းအမျိုးသားကပြောသည်။

ထိုဆွေးနွေးမှုမတိုင်ခင် စစ်ကောင်စီနဲ့ MNDAA တို့ကို တရုတ်က တစ်ဖွဲ့ချင်း သီးသန့် အရင်ခေါ်တွေ့ခဲ့ကြောင်း သိရသည်။

ဆွေးနွေးမှု မအောင်မြင်ခဲ့သော်လည်း လက်ရှိအချိန်ထိ လားရှိုးမြို့အတွင်း ငြိမ်သက်မှုရှိနေပြီး ကိုးကန်တပ်ဖွဲ့ဘက်လည်း တပ်ဆုတ်ခွာခြင်း မရှိသေးပေ။

“အခုလောလောဆယ်တော့ အေးအေးချမ်းချမ်းပဲ ရှိနေပါသေးတယ်။ ကိုးကန့်တပ်သားတွေလည်း ပုံမှန်သွားလာနေတယ်။ သူတို့လည်း ပြည်သူတွေနားမှာ မြေတွေငှားယူနေကြတယ်။ ကျနော်တို့ကြားတာတော့ ငှက်ပျောသီးစိုက်မယ်တဲ့။ ကျနော်တို့အထင်တော့ ကိုးကန့်တပ်ကတော့ လားရှိုးကနေ လွယ်လွယ်နဲ့ ပြန်ဆုတ်ပေးမှာမဟုတ်ဘူး။ အခုတောင် သူတို့အလုပ်လုပ်ဖို့အတွက် ကျနော်တို့ပြည်သူတွေကနေ တစ်နှစ်စာချုပ်နဲ့ မြေကွက်တွေ ငှားနေတာလေ” ဟု ၎င်းကဆိုပြန်သည်။

အလားတူ လာမည့်သင်္ကြန်အတွက် လားရှိုးမြို့အတွင်း ကိုးကန့်တပ်ဖွဲ့ ဦးဆောင်ပြီး မဏ္ဍပ်ပြုလုပ်ပေးနေသည်။

ကိုးကန့်တပ်ဖွဲ့သည် လားရှိုးမြို့မှ တပ်ဆုတ်ခွာရန် ရှိ/မရှိကို သိရှိရန်အတွက် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ ပြောရေးဆိုခွင့်ရှိသူကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။

ကိုးကန့်တပ်ဖွဲ့နှင့် စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးမှုအပြီ ဧပြီလအတွင်းတွင် စစ်ကောင်စီနှင့် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း သိရသည်။

“၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်း စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တို့သည် တရုတ်နိုင်ငံ၌ ၉ ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

၂၀၂၅ ဇန်နဝါရီလအတွင်းတွင် စစ်ကောင်စီနှင့် ကိုးကန်တပ်ဖွဲ့တို့က အပစ်ရပ်စဲကြောင်းကို တရုတ်အာဏာပိုင်ဘက်က ကြေညာခဲ့သော်လည်း ကာယကံရှင်များက တရားဝင် ထုတ်ပြန်ပြောဆိုလာခြင်းမရှိပေ။

January 17, 2026
သျှမ်းပြည် မူဆယ်မြို့တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော်အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး...
January 16, 2026
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့်...
January 15, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည်-မန္တလေးတိုင်းနယ်စပ် မိုးကုတ်မြို့ရှိ စစ်ကော်မရှင်တပ်...
January 14, 2026
စိုင်းဆိုင်အိုက် — မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏...