ခိုလှုံလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် ၁၈ ဦးထက်မနည်း PDF အဖြစ် ဒေါနတပ်ရင်းတွင် ပြန်လည်တာဝန်ထမ်းဆောင်

ခိုလှုံလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် ၁၈ ဦးထက်မနည်း PDF အဖြစ် ဒေါနတပ်ရင်းတွင် ပြန်လည်တာဝန်ထမ်းဆောင်
ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ဒေါနစစ်ကြောင်းထံ ခိုလှုံလာသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်း တပ်သား ၇ ဦး။
ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ဒေါနစစ်ကြောင်းထံ ခိုလှုံလာသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်း တပ်သား ၇ ဦး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်တွင်ရှိသည့် ဒေါနစစ်ကြောင်းထံသို့ ဘက်ပြောင်းခိုလှုံလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် ၁၈ ဦးမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်သားများအနေဖြင့် တာဝန်ထမ်းဆောင်နေကြပြီဖြစ်ကြောင်း ဒေါနတပ်ရင်း တာဝန်ရှိသူထံက သိရသည်။

“လောလောဆယ် ပြည်သူ့စစ်မှုထမ်းဝင်လာတဲ့ စာရင်းမပါသေးဘူး။ ဒီ ၁၈ ယောက်က နဂိုမူလ ဟိုးအရင်ကတည်းက စစ်တပ်ကနေ CDM လုပ်လာတဲ့ ရဲဘော်တွေပေါ့နော်။ နောက်ထပ်ကိုဝင်လာတဲ့ ပြည်သူ့စစ်မှုထမ်းတွေကနေ ပြန်တိုက်မယ်ဆိုပြီး ဝင်လာတဲ့ရဲဘော်တွေလည်း လောလောဆယ် ကျနော်တို့ သင်တန်းတွေပြန်ပေးနေတာ၊ သစ္စာရေသောက် ပြန်စုဖွဲ့ပြီး တိုက်ပွဲဝင်ဖို့ ကျနော်တို့ ပြင်ဆင်မှုလေးရှိနေတုန်းပဲ” ဟု ဒေါနစစ်ကြောင်းမှူး စောဒါးကိုက ပြောသည်။

ဒေါနတပ်ရင်းထံသို့ ၂၀၂၄ ခုနှစ်မှ လက်ရှိချိန်ထိ ဘက်ပြောင်းခိုလှုံလာသူ ၄၅ ဦးထက်မနည်းရှိပြီး ယခု ၂၀၂၅ နှစ်လအတွင်းတွင်ပင် ၃၆ ဦးရှိကြောင်း ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်နေ့တွင် တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ခမရ (၅၅၉) မှ အပတ်စဉ် (၅) ပြည်သူ့စစ်မှုထမ်း တပ်သား ကိုစန်းထွန်းအောင်နှင့် ကိုအောင်မျိုးကျော်တို့သည် ဒေါနစစ်ကြောင်းထံသို့ ခိုလှုံလာပြီးနောက် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ရန် PDF တပ်ဖွဲ့ဝင်များအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း ဇန်နဝါရီ ၁၅ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အခြား တာဝန်ပြန်လည်ထမ်းဆောင်နေသူများ၏ အချက်အလက်အသေးစိတ်ကို လုံခြုံရေးအရ ထုတ်ပြန်ဖော်ပြထားခြင်း မရှိပေ။

ဖေဖော်ဝါရီ ၁၉ ရက် ညတွင်လည်း စစ်ကောင်စီ၏ တနင်္သာရီတိုင်းအခြေစိုက် ခမရ (၅၅၈) တွင် တာဝန်ကျသည့် အပတ်စဉ် (၅) နှင့် အပတ်စဉ် (၆) မှ တပ်ကြပ်ကြီး ကျော်စွာဝင်း၊ ဒု-တပ်စိတ်မှူး ဝိုင်းချစ်ဇော်၊ တပ်သားများဖြစ်ကြသည့် ချမ်းမွန်၊ မင်းခန့်ဝင်း၊ကောင်းမြတ်သူ၊ ကျော်ထက်မိုးနှင့် ကျော်စွာဟိန်း တို့သည် ၎င်းတို့ တာဝန်ကျရာ နေရာများမှ ဒေါနတပ်ရင်းထံသို့ လက်နက်များနှင့်အတူ ပူးပေါင်းခိုလှုံလာခဲ့ပြီး ထိုသူများအနက် အချို့မှာလည်း စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ရန် ဆန္ဒရှိနေကြောင်း ဒေါနစစ်ကြောင်းမှူး စောဒါးကိုက ပြောသည်။

“လောလောဆယ်သူတို့ကို တိုက်ပွဲမဝင်ခိုင်းသေးဘူး။ သူတို့ကတော့ တိုက်ပွဲဝင်ချင်တဲ့ စိတ်ဓါတ်ကတော့ တော်တော်လေးကို ပြင်းပြင်းထန်ထန်ရှိနေတဲ့ အနေထားမျိုး တွေ့ရတယ်” ဟု ဆိုသည်။

ခိုလှုံလာသူများအနက် ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် ပြန်လည်တာဝန်ထမ်းဆောင်လိုသူများအား စိစစ်ကာ သင်တန်းပေးပြီးနောက် တာဝန်ထမ်းဆောင်စေမည်ဖြစ်သကဲ့သို့ တာဝန်ထမ်းဆောင်လိုခြင်းမရှိသူများအနေဖြင့်လည်း ၎င်းတို့ စိတ်ဆန္ဒရှိသည့် နေရာသို့ သွားနိုင်ရန် ကူညီပေးကြောင်း ဒေါနစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ထို့အပြင်ခိုလှုံရန် ထပ်မံချိတ်ဆက်ထားသူများလည်းရှိကြောင်း သိရသည်။

“နောက်ထပ် ဆက်သွယ်လာတာ နယ်မြေအစုံက သူတွေရှိတယ်။ ကျွန်တော်တို့နဲ့ နီးစပ်ရင် ကျွန်တော်တို့ သွားခေါ်ပေးတယ်ပေါ့နော်။ တကယ်လို့ ကျွန်တော်တို့ဆီကို ချိတ်ပေမယ့် ကျွန်တော်တို့နဲ့ဝေးတယ်ဆိုရင်တော့ အဲ့ဒီနယ်မြေက နီးစပ်တဲ့ တပ်ရင်းတပ်ဖွဲ့တွေ ERO တွေနဲ့ လှမ်းချိတ်ပေးတယ်” ဟု ဒေါနစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်တပ်အာဏာသိမ်းခဲ့သည့် ၂ဝ၂၁ ခုနှစ်မှ ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလအထိ လေးနှစ်အတွင်း စစ်ကောင်စီဘက်မှ ရဲနှင့်စစ်သား ဦးရေ ၁၅,၀၀၀ နီးပါး CDM လုပ်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားသည်။

ထို့ပြင် ပြီးခဲ့သည့် ဇန်နဝါရီလ တလအတွင်း သက်ဆိုင်ရာ နယ်မြေ ပကဖ၊ ပအဖ၊ ပလဖ များနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များသို့ ချိတ်ဆက်ခိုလှုံလာသည့် စစ်ကောင်စီတပ်သား ၁၃၆ ဦး ရှိရာအများစုမှာ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်း တပ်ဖွဲ့ဝင်များဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက မဇ္ဈိမကို ဖေဖော်ဝါရီ ၁၀ရက်နေ့တွင် ပြောထားသည်။

ထိုသူများအနက် အချို့မှာလည်း သက်ဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့များတွင် ၎င်းတို့ ကျွမ်းကျင်သည့် တာဝန်များကို ပြန်လည်ထမ်းဆောင်လျက်ရှိကြောင်း ဆိုသည်။

Most read this week

December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...
December 3, 2025
အာဏာသိမ်း စစ်ကော်မရှင်တပ်နှင့် မြန်မာတော်လှန်‌ရေးအင်အားစုများကို အင်ဒိုနီးရှားက...
December 2, 2025
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ နတ်မှော်ဦးကျေးရွာကို ကော်မရှင်တပ်ဖွဲ့က...
December 1, 2025
မကွေးတိုင်း၊ ရေစကြိုမြို့ နယ် တောင်ခြမ်း၊ ရွာသစ်ကျေးရွာအနီးရှိ ကင်းစခန်း တခုတွင်...