မင်းတပ်မြို့နယ်က ကျေးရွာများမှာ ဝမ်းပျက်ဝမ်းလျှောလူနာ ၂၂၀ ကျော်ရှိနေ၊ ကျေးရွာ ၃ ရွာကို Lock Down ချထား

မင်းတပ်မြို့နယ်က ကျေးရွာများမှာ ဝမ်းပျက်ဝမ်းလျှောလူနာ ၂၂၀ ကျော်ရှိနေ၊ ကျေးရွာ ၃ ရွာကို Lock Down ချထား

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲက ကျေးရွာအများအပြားတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေပြီး ကျေးရွာ ၃ ရွာကို အသွားအလာကန့်သတ်မှု (Lock down) ချထားကာ လူနာပေါင်း ၂၂၀ ကျော်ရှိနေသည်ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။

“မင်းတပ်မြို့နယ်ထဲမှာ လောလောဆယ် Lock Down ချထားတာက ရွာ ၃ ရွာရှိပါတယ်။ လူနာတွေက ဘယ်နှစ်ဦးရှိသလဲဆိုတာပဲ အဆက်အသွယ်ရတော့ လူနာဦးရေပဲ သိရသေးတယ်။ တချို့ရွာတွေမှာ သိရတာက ကလေးငယ်တွေ အဖြစ်များတယ်လို့ သိရပါတယ်။ ၅ နှစ်အောက်ကလေးတွေပေါ့” ဟု ယင်းစစ်ရှောင်ကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။

လက်ရှိမှာ မင်းတပ်မြို့နယ်ထဲက ကျေးရွာ ၁၃ ရွာတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေကာ ဖေဖော်ဝါရီလ ၁၇ ရက်အထိ လူနာပေါင်း ၂၂၆ ဦးအထိရှိလာပြီး သေဆုံးသူ ၃ ဦးရှိလာပြီဟု သိရသည်။

ရောဂါဖြစ်ပွားနေသော ကျေးရွာ ၃ ရွာကို လတ်တလောမှာ အသွားအလာ ကန်သတ်မှု (Lock Down) ပြုလုပ်ထားပြီး ရောဂါဖြစ်ပွားနေသော ရွာများကို ဒေသတွင်းမှ ကျန်းမာရေးဝန်ထမ်များက ကာကွယ်ခြင်း၊ ကုသခြင်း လုပ်ငန်းများကို ကြိုးစားဆောင်ရွက်နေသည်ဟု သိရသည်။

“အခုလက်ရှိ အခြေအနေကတော့ တခြားရွာတွေမှာလည်း ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်နေတာ၊ ဆက်လက်ပြီး ပြန့်ပွားနေတယ်လို့ သိရတယ်။ သို့သော် ဆိုးဆိုးဝါးဝါးဖြစ်နေတဲ့ အနေအထားတွေက မတွေ့ရသေးဘူး။ ထိန်းချုပ်နေနိုင်ဆဲ၊ သို့သော်လည်း အဓိက, က ဓါတ်ဆားတွေ အရမ်းလိုနေတယ်။ ဆေးဝါးအကူအညီတွေလည်း အဓိက လိုအပ်ပါတယ်” ဟု မင်းတပ် စစ်ဘေးရှောင်စီမံခန့် ခွဲရေးကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။

လက်ရှိကာလသည် မင်းတပ်မြို့နယ်အတွင်း ဒေသခံ ချင်းလူမျိုးများအနေဖြင့် ပွဲလမ်းသဘင်များ အများဆုံးကျင်းပပြုလုပ်သော ရာသီအချိန်ဖြစ်၍ ပြည်သူများ ရိုးရာပွဲလမ်းသဘင်များ၊ လူစုလူဝေးပြုလုပ်ခြင်းများကို အတတ်နိုင်ဆုံး ရှောင်ရှားနိုင်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေသာ ကျေးရွာများမှ ကနဦးဖြစ်ပွားသော ကျေးရွာ ၂ ရွာကို ဆေးဝါးများနှင့် ဓါတ်ဆားများ ထောက်ပံ့ပေးနိုင်ခဲ့ပြီး ဆက်လက်ထောက်ပံ့ကူညီမှုများ ပြုလုပ်နိုင်ရန် ချိတ်ဆက်ဆောင်ရွက်နေဆဲဖြစ်သည်ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလလယ်မှ ဖေဖော်ဝါရီလ ပထမပတ်အတွင်း ချင်းပြည်တောင်ပိုင်း မြို့နယ် ၄ မြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ (သံသယ) ဖြစ်ပွားခဲ့ရာ ပလက်ဝမြို့နယ်ထဲမှ ၁ နှစ်အောက်ကလေးငယ် ၂ ဦး၊ မင်းတပ်မြို့နယ်ထဲမှ ၁ နှစ်အောက်ကလေးငယ် ၁ ဦးနှင့် လူကြီး ၁ ဦးတို့ သေဆုံးခဲ့သည်ဟု ချင်းကျန်းမာရေးအဖွဲ့က ဖေဖော်ဝါရီလ ၅ ရက်မှာ ထုတ်ပြန် ထားသည်။

ဖေဖော်ဝါရီလ ၅ ရက်အထိ စာရင်းအရ မတူပီမြို့နယ်မှာ ၁၉၀ ဦး၊ ကန်ပက်လက်မြို့မှာ ၂၄ ဦး၊ ပလက်ဝမြို့နယ်မှာ ၁၂၄ ဦးတို့ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေသည်ဟု သိရသည်။

May 21, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသော ZFU/PDF-Zoland က ကချင်လွတ်လပ်ရေးတပ်မတော်...
May 20, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့ကို အာဏာသိမ်းစစ်တပ်နှင့် ZRA – EC ပူးပေါင်းတပ်များ၏...
May 18, 2026
ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်ပြီးနောက် ဖလမ်း- ဟားခါး လမ်းပိုင်း...
May 15, 2026
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်ရှိသော ကူကီး...