မွန်ပြည်နယ်ရဲ့ မြို့နယ်အများစုမှာ တစ်ကျော့ပြန် စက်သုံးဆီပြတ်လပ်

မွန်ပြည်နယ်ရဲ့ မြို့နယ်အများစုမှာ တစ်ကျော့ပြန် စက်သုံးဆီပြတ်လပ်

မွန်ပြည်နယ် မြို့နယ်အများစုမှာ ကရင်လက်နက်ကိုင် အဖွဲ့အစည်းနှစ်ခုရဲ့ စက်သုံးဆီ အများအပြား ဝယ်ယူစုဆောင်းမှုကြောင့် တစ်ကျော့ပြန် စက်သုံးဆီပြတ်လပ်မှု ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကရင်လက်နက်ကိုင် အဖွဲ့အစည်းနှစ်ခုဖြစ်တဲ့ ကရင်နယ်ခြားစောင့်တပ် BGF နဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA တို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး စစ်ကောင်စီခွင့်ပြုချက်နဲ့ ပြည်နယ်အတွင်းရှိ စက်သုံးဆီဆိုင်တွေမှာ ဒီဇယ်ဆီတွေကို အတင်းအဓမ္မ ဝယ်ယူစုဆောင်းခဲ့တာပါ။

အဲဒီနောက်မှာတော့ ပြည်နယ်အတွင်းရှိ စက်သုံးဆီဆိုင်တွေမှာ ဒီဇယ်ဆီတွေအပြင် တခြား စက်သုံးဆီအမျိုးအစားတချို့ပါ ပြတ်လပ်မှုတွေ ဖြစ်လာတဲ့အတွက် တန်းစီစောင့်ဆိုင်း ဝယ်ယူရတဲ့အခြေအနေ ထပ်မံဖြစ်ပေါ်နေတာပါ။

“အခုက လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ စီးပွားရေးတာဝန်ခံတွေဆိုပြီးတော့ ယူနီဖောင်းတွေဝတ်ပြီး လာဝယ်တာ။ ဒီဇယ်ဆီသယ်တာ များတယ်။ ဓာတ်ဆီက နည်းတယ်။ ဆီဆိုင်တွေမှာ ဂါလံပုံးတွေနဲ့ ဝယ်ဝယ်ပြီး သယ်သွား။ ဆီဆိုင်တွေမှာ ဒီဇယ်ကတော့ လုံးဝ ဝယ်ရခက်သွားတယ်။ ဓာတ်ဆီကတော့ ရတယ်။ ဈေးပါတက်သွားတာပေါ့” လို့ အမည်မဖော်လိုတဲ့ မွန်ဒေသခံတစ်ဦးက ပြောပါတယ်။

ကျားဖြန့်လုပ်ငန်း နှိမ်နင်းဖို့အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့ကစလို့ ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ မြန်မာဘက်ခြမ်းက နယ်စပ်မြို့တွေကို ထိုင်းနိုင်ငံဘက်က ဖြန့်ဝေရောင်းချပေးနေတဲ့ လျှပ်စစ်မီးနဲ့ စက်သုံးဆီတွေကို စတင်ဖြတ်တောက်ခဲ့တာပါ။

အဲဒီနောက်မှာတော့ BGF နဲ့ DKBA တို့ဟာ စက်သုံးဆီရရှိရေးအတွက် ကရင်ပြည်နယ် ဘားအံ၊ လှိုင်းဘွဲမြို့နယ်အပြင် မွန်ပြည်နယ်ရဲ့ မြို့နယ်အများစုမှာ စက်သုံးဆီတွေ အတင်းအဓမ္မဝယ်ယူပြီး မြဝတီ၊ ရွှေကုက္ကိုလ်နဲ့ ဘုရားသုံးဆူမြို့တွေကို တင်ပို့ရောင်းချနေတာပါ။

တဖက်မှာတော့ စစ်ကောင်စီဘက်က နယ်စပ်မြို့တွေကို အရပ်သားတွေရဲ့ အိမ်စီးကားတွေ ခရီးသည်တင်ကားတွေ ကုန်တင်ယာဉ်တွေကနေ စက်သုံးဆီသယ်ယူမှုအပေါ် ဖမ်းဆီးသိမ်းဆည်းခဲ့ပေမယ့် BGF ၊ DKBA စတဲ့ အဖွဲ့အစည်းတွေက စက်သုံးဆီတွေ တင်ဆောင်လာပါက ဖမ်းဆီးသိမ်းဆည်းမှုမရှိဘဲ သယ်ယူခွင့်ပြုထားပါတယ်။

စက်သုံးဆီတွေ ပြတ်လပ်လာတဲ့အတွက် ဒေသတွင်းရှိ ဖုန်းအော်ပရေတာ တာဝါတိုင်တွေ၊ ကုန်တင်ကားကြီးတွေ၊ ခရီးသည်တင်ယာဉ်တွေ၊ စီးပွားရေးလုပ်ငန်းတွေကအစ လုပ်ငန်းလည်ပတ်ဖို့ အခက်ကြုံလာရပါတယ်။

ဒေသတွင်းမှာ စက်သုံးဆီတွေ ပြတ်လပ်မှု ဖြစ်ပေါ်နေပေမယ့် မွန်ပြည်နယ် စစ်ကောင်စီဘက်ကတော့ လက်ရှိအချိန်ထိ တစ်စုံတစ်ရာ ဖြေရှင်းဆောင်ရွက်တာ မတွေ့ရသေးပါဘူး။

Most read this week

ဓာတ်ပုံ -(MOI)
August 25, 2026
မွန်ပြည်၊ မုဒုံမြို့နယ်အတွင်း လည်ပတ်နေသည့် ရော်ဘာစက်ရုံများမှ အနံ့ဆိုးများ ပြင်းပြင်းထန်ထန်...
 ဓာတ်ပုံ - (MOI)
August 24, 2026
မွန်ပြည်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စစ်အုပ်စု လက်အောက်ခံ ဌာနဆိုင်ရာများနှင့် ကျောင်းသား၊...
ဓာတ်ပုံ - CJ
August 22, 2026
မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် ကရင်ပြည်ရှိ ဘားအံမြို့အပါအဝင်...
ဓာတ်ပုံ – MOI
August 21, 2026
စစ်အုပ်စုတပ်၏ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ထိုင်းခရီးစဉ်အတွင်း နှစ်နိုင်ငံ...