မိုးကုတ်ဗုံးကြဲမှု အရပ်သား ၅ ဦး သေဆုံး၊ အများအပြား ဒဏ်ရာရ

မိုးကုတ်ဗုံးကြဲမှု အရပ်သား ၅ ဦး သေဆုံး၊ အများအပြား ဒဏ်ရာရ

မန္တလေးတိုင်းထဲက မိုးကုတ်မြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၅ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ နံနက်အစောပိုင်း ၁ နာရီကျော်အချိန်တွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် ဗုံးသီး အလုံးရေ ၂၀ ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မိုးကုတ်ဒေသခံ အမျိုးသမီးတစ်ဦးက “အခုသေတာက ၅ ယောက်၊ ၅ ယောက်လုံးက ယောက်ကျားလေးတွေပဲ။ ဒဏ်ရာရတာက ၂၀ ပေ့ါ၊ အယောက် ၂၀ ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ထဲမှတော့ အမျိုးသမီးတွေလည်းပါတယ်။ လူကြီးပိုင်းလည်းပါတယ်။ ဗုံးကြဲခံရတဲ့နေရာ ကျောက်တူးတဲ့လုပ်ကွက်ပေါ့နော်၊ အဲ့ဒီထဲမှာ ဒီဒေသခံတွေ အများကြီးဆိုတော့လေ။ အခုပြောသလောက်ဆို အားလုံး အရမ်းအိပ်မောကျနေတဲ့အချိန် လာကြဲသွားတာလို့ ပြောတယ်။ လေယာဉ်က နိမ့်နိမ့်လေးကနေ လာကြဲသွားတာ” ဟု ပြောသည်။

မိုးကုတ်မြို့သည် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က ထိန်းချုပ်ထားသည့် မြို့ဖြစ်သည်။

လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုထဲ ထိမှန်သေဆုံးသူများမှာ အရပ်သားပြည်သူများဖြစ်သည်ဟု ဆိုသည်။

ယမန်နေ့နံနက်အစောပိုင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရသည့်နေရာမှာ ဒေသတွင်းရှိ ပြည်သူများ ကျောက်တူးဖော်သည့် လုပ်ကွက်နေရာဖြစ်သောကြောင့် သေဆုံးသူများမှာ ကျောက်တူးသမားများဖြစ်နိုင်သည်ဟု ဆိုသည်။

အဆိုပါ လုပ်ကွက်နေရာကို ဝင်းထရဲ ကျောက်တူးဖော်ရေးလုပ်ကွက်နေရာဟုခေါ်ပြီး မိုးကုတ်မြို့ အနောက်ဘက်တွင် ရှိသည်။

မိုးကုတ်ဒေသခံ အမျိုးသားတစ်ဦးက “ဒီနေ့ ကြဲခံရတဲ့နေရာက မိုးကုတ်မြို့မှာဆိုရင်တော့ မြို့အစွန်တော့ နည်းနည်းကျတယ်။ မြို့ထဲရပ်ကွက်တွေနဲ့ ဆိုရင်တော့ ၁၀ မိနစ်လောက်သွားရတယ်။ အဲ့ဘက်မှာမှ ဒီကျောက်တူးတဲ့ ဝင်းထရံလုပ်ကွက်ပေါ့နော်၊ အဲ့ဒီလုပ်ကွက်ထဲကို ကြဲတာ။ အဲ့ဒီလုပ်ကွက်က ရွာနှစ်ရွာကြားမှာ ရှိတာ။ သေသွားတဲ့သူတွေအားလုံးက အရပ်သားတွေပဲ။ အိမ်လည်း ၇ လုံးလောက် မီးလောင်ပျက်စီးသွားတယ်” ဟု ပြောသည်။

စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်မူ TNLA တပ်မဟာ ၂ နယ်မြေဟု သတ်မှတ်ထားသည့် မိုးကုတ်မြို့နယ်အတွင်းရှိ ဝင်းထရံ ကျောက်လုပ်ကွက်နေရအား ဗုံးအလုံး ၂၀ ဝန်းကျင် ကြဲချခဲ့ကြောင်း ရေးသားထားသည်။

မိုးကုတ်မြို့အား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY - PDF နှင့် ပူးပေါင်းအဖွဲ့များက ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၄ ရက်နေ့၌ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် လက်ရှိတွင် PSLF/TNLA က ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

December 1, 2025
တနင်္သာရီတိုင်းတွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ဥပဒေဖြင့် ဒေါင်းနက်အဖွဲ့ အပါအဝင် ဆန့်ကျင်သူများ...
November 28, 2025
ကချင်ပြည်ရှိ ဖားကန့်၊ ဝိုင်းမော်နှင့် ဗန်းမော်မြို့နယ်များတွင် စစ်ရေးတင်းမာမှုများ...
November 27, 2025
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်း ၂၆ ခု၌...
November 26, 2025
ကိုးကန့်တပ်မတော် MNDAA မှ တပ်ဆုတ်ရန် ငြင်းပယ်မှုကြောင့် ရှမ်းပြည် မြောက်ပိုင်း၊...