စစ်ဘေးရှောင်ကျောင်းသားများကို ဘုန်းကြီးကျောင်းနှင့် လုံခြုံရာနေရာတို့တွင် စာသင်ကြားပေးနေ

စစ်ဘေးရှောင်ကျောင်းသားများကို ဘုန်းကြီးကျောင်းနှင့် လုံခြုံရာနေရာတို့တွင် စာသင်ကြားပေးနေ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်း တိုက်ပွဲကြောင့် ပိတ်ထားရသည့် မွန်အမျိုးသားကျောင်းနှင့် အခြေခံပညာကျောင်းအချို့ ပြန်လည်ဖွင့်လှစ်နိုင်ပြီး ကျောင်းမဖွင့်လှစ်နိုင်သေးသည့် စစ်ဘေးရှောင်ကျောင်းသားတို့ကို ဘုန်းကြီးကျောင်းအပြင် နီးစပ်ရာ လုံခြုံသည့်နေရာတို့တွင် စာသင်ကြားပေးနေကြောင်း သိရသည်။

ဝယ်ဇင်း၊ ဓမ္မပါလ၊ ဝယ်ပေါင်ကျေးရွာတို့မှ မွန်အမျိုးသား မူလတန်းကျောင်း ၃ ကျောင်းနှင့် ကျုံလောင်း၊ ကျောင်းမိချောင်းကျေးရွာမှ အခြေခံပညာ မူလတန်းကျောင်း ၂ ကျောင်းတို့သည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်နေ့မှစ၍ တိုက်ပွဲကြောင့် ကျောင်းစပိတ်ထားရပြီး ကျောင်းသားကျောင်းသူ ၄၀၀ ကျော်စစ်ဘေးရှောင်ခဲ့ရသည်။

လက်ရှိတွင် ဝယ်ဇင်းနှင့် ဓမ္မပါလ မွန်အမျိုးသားကျောင်းတို့ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သော်လည်း ကျန်ရှိနေသည့် စစ်ဘေးရှောင်ကျောင်းသားတို့ကို ဝယ်ဇင်းရွာဘုန်းကြီးကျောင်းနှင့် အခြားလုံခြုံရာနေရာတို့တွင် မွန်အမျိုးသားကျောင်းဆရာမနှင့် တာဝန်ရှိသူတို့က စာသင်ကြားပေးလျှက်ရှိသည်။

လက်ရှိ စာသင်ကြားပေးနေသည့်နေရာတွင်ပင် နှစ်ဆုံးအတန်းတင်စာမေးပွဲများကို ဖြေဆိုနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေကြောင်း တာဝန်ရှိသူ မွန်အမျိုးသားကျောင်းဆရာမတစ်ဦးက ဆိုသည်။

“အစက ကျောင်းပြန်ဖွင့်တဲ့နေ့မှာ ကျောင်းသားမရှိဘူး။ အခုတော့ဓမ္မပါလနဲ့ ဝယ်ဇင်းမှတော့ ကျောင်းသား ၈၀ ကျော်လောက်က ပြန်တက်နေပြီး။ ပြီးတော့ ဝယ်ပေါင်က ကျောင်းသား ၆၀ ကျော်လောက်ကို ဝယ်ဇင်းဘုန်းကြီးကျောင်းမှာ သင်ပေးတယ်။ ဘုန်းကြီးကျောင်းမှာပဲ စာမေးပွဲကြီးဖြေရမယ်” ဟု ပြောသည်။

ထို့အတူ ကျုံလောင်းနှင့် ကျောက်မိချောင်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းများ ပြန်လည်မဖွင့်လှစ်နိုင်သေးသဖြင့် မြို့နယ်ပညာရေးမူတို့က နီးစပ်ရာ လုံခြုံသည့် မည်သည့် အခြေခံပညာကျောင်းတွင်မဆို စာသင်ကြားခွင့်ပြုထားကြောင်း သိရသည်။

“အခုက ကျောင်းသားမိဘတွေရော၊ ကျောင်းသားတွေရော ကျောင်းဆရာတွေရော စိုးရိမ်နေရတယ်။ ဒီကြားမှာလည်း လက်နက်ကြီးတွေကျတဲ့ အသံတွေ ခဏခဏကြားနေရတော့။ ဒီစာမေးပွဲကို ကောင်းကောင်း ဖြေရအုံးမလား၊ စိတ်ပူရတယ်” ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

သို့သော် မိသားစုနှင့်အတူ ရေချောင်းဖျားဒေသအတွင်းရှိ တောတောင်များ၊ ထိုင်း- မြန်မာနယ်စပ် ဘုရာသုံးဆူမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားနေသည့် ကျောင်းသားတို့ အဆက်အသွယ်မရရှိနေကြောင်း ကျောင်းတာဝန်ရှိသူအချို့ကဆိုသည်။

ရေးမြို့နယ်အရှေ့ပိုင်းဒေသတစ်ဝိုက်တွင် ဇန်နဝါရီ ၉ ရက်နေ့မှစ၍ တိုက်ပွဲများ နေ့စဉ်ပြင်းထန်ခဲ့ရာ ယမန်နေ့တွင် ဒေသတွင်းတော်လှန်ရေးအဖွဲ့တို့ ပြန်လည်ဆုတ်ခွာသွားကြောင်းနှင့် စစ်ကောင်စီအဖွဲ့တို့ မွန်ပြည်သစ်ထိန်းချုပ်ရာဒေသတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေကြောင်းလည်း ဒေသတွင်း သတင်းရစ်မြစ်တို့မှ သိရသည်။

ထို့အပြင် ယနေ့အထိ ကျုံလောင်း - ရေး လမ်းပိုင်းကို စားနပ်ရိက္ခာသယ်ဆောင်ခွင့် ကန့်သတ်ထားဆဲဖြစ်ပြီး ရေးအခြေစိုက် စစ်ကောင်စီ အမတတပ်နှင့် ခလရ တပ်တို့မှ လက်နက်ကြီးဖြင့် နေ့စဉ်နီးပါး ပစ်ခတ်နေဆဲဖြစ်သည်။

March 21, 2026
မွန်ပြည်နယ်လွှတ်တော်အစည်းအဝေး၌ ယမန်နေ့ရွေးချယ်ခဲ့သည့် လွှတ်တော်ဥက္ကဋ္ဌနေရာတွင် ကြံ့ခိုင်ရေးပါတီ...
March 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ရာကျေးရွာအချို့တွင်...
March 19, 2026
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာအုပ်စု ပျဉ်သားရွာ၊ ရွှေလုပ်ကွက်အနီးတွင်...
March 18, 2026
မွန်ပြည်နယ်တွင် စစ်တပ်အာဏာသိမ်းကာလအတွင်း ပဋိပက္ခဖြစ်စဉ်များကြောင့် အရပ်သားပြည်သူ ၆၅၀ ဦး...