တီးတိန်ကို ချင်းတော်လှန်ရေးနှစ်ဖွဲ့က သိမ်းမည်ဟု အပြိုင်ကြေညာချိန် မြို့ခံထက်ဝက်ကျော် စစ်ဘေးရှောင်ပြီ

တီးတိန်ကို ချင်းတော်လှန်ရေးနှစ်ဖွဲ့က သိမ်းမည်ဟု အပြိုင်ကြေညာချိန် မြို့ခံထက်ဝက်ကျော် စစ်ဘေးရှောင်ပြီ

ချင်းတော်လှန်ရေးတပ်ဖွဲ့ နှစ်ခုက တီးတိန်မြို့သိမ်းစစ်ဆင်ရေးကို စတင်တော့မည်ဟု ကြေညာသောကြောင့် မြို့ခံပြည်သူ ထက်ဝက်ကျော်သည် နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြီဖြစ်ကြောင်း ချင်းတော်လှန်ရေးတပ်ဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။

တီးတိန်မြို့ပေါ်က စစ်ကောင်စီ ခလရ - ၂၆၉ တပ်ရင်းအနီးမှ စကောလမ်းရပ်ကွက်နှင့် အဓိက လမ်းမကြီးဘေးက ဒေသခံပြည်သူများ အားလုံးနီးပါးသည် စစ်ဘေးရှောင်ကြကြောင်း၊ လွန်ခဲ့သော နှစ်ပတ်ခန့်မှစတင်၍ မြို့၏ ၆၀ ရာခိုင်နှုန်းသည် နေရပ်စွန့်ခွာ စစ်ဘေးရှောင်ထားပြီဟု သိရသည်။

“မနေ့ကအထိက တော်တော်များများကတော့ စစ်ဘေးရှောင်ကုန်ပြီ။ စကော့လမ်းရပ်ကွက်၊ စစ်တပ်ကုန်းနဲ့ နီးတဲ့ဘက်တွေ ရှောင်ကြတယ်။ စကော့လမ်းရပ်ကွက်ဘက်က အကုန်လုံးနီးပါး ပြောင်းသွားပြီ။ ကျန်တဲ့ဟာတွေက ရှိကြသေးတယ်။ တောင်အောက်မှာတော့ ပြည်သူတွေ နေကြသေးတယ်။ အဓိက လမ်းမကြီးနဲ့ ဝေးတဲ့နေရာမှာတော့ ပြည်သူတွေ နေကြသေးတယ်” ဟု တီးတိန်မြို့ဒေသခံတဦးက ပြောသည်။

တီးတိန်မြို့ပေါ်တွင် လူငယ်၊ လူလတ်ပိုင်းတို့ အများစု ပါဝင်သည့် ၄၀ ရာခိုင်နှုန်းခန့်သော ပြည်သူတို့သည် အိမ်ဖောက်ထွင်းခိုးယူမှု များပြားနေသောကြောင့် အိမ်စောင့်အဖြစ် ကျန်ရှိနေသေးပြီး တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားမှ စစ်ဘေးရှောင်ကြရန် အဆင်သင့်ပြင်ဆင်ထားကြသည်ဟု PDF – Zoland မှ ပြောရေးဆိုခွင့်ရှိသူနှင့် ဒေသခံတချို့က ပြောသည်။

ဒေသခံပြည်သူများသည် အိန္ဒိယနယ်စပ်ဘက်၊ စစ်ကိုင်းတိုင်း ကလေးဒေသဘက်နှင့် ကျေးရွာဒေသများသို့ စစ်ဘေးရှောင်ကြရသည်ဟု သိရသည်။

“မြို့ရဲ့ ၄၀ ရာခိုင်နှုန်းကတော့ ကျန်သေးမှာပါ။ တီးတိန်မှာက သူခိုးတွေရှိနေလို့ သူတို့ကလည်း ထွက်ဖို့က စိတ်ကူးထားတယ်။ အဲဒီ သူခိုးတွေပေါနေလို့ အခုချက်ချင်း မထွက်သေးတာပဲရှိတယ်။ တကယ်လို့ တိုက်ပွဲရှိရင်တော့ သူတို့က ထွက်မှာပါ” ဟု PDF – Zoland မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

လက်ရှိ တီးတိန်မြို့ပေါ်တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသေးဘဲ ညဘက်တွင် စစ်ကောင်စီတပ်၏ ခြိမ်းခြောက်ပစ်ခတ်မှုသာရှိသေးကြောင်း သိရသည်။

မြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်၍ အများပြည်သူကို ကြိုတင်အသိပေးမှုများလည်း ထပ်မံပြုလုပ်သွားမည်ဟု PDF – Zoland မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

တီးတိန်မြို့နယ်ထဲက တီးတိန်မြို့နှင့် ခိုင်ကမ်းမြို့သိမ်းတိုက်ပွဲကို ချင်းလဲန်းကောင်စီအဖွဲ့ဝင်ဖြစ်သော PDA - တီးတိန်က မဟာမိတ်တပ်များနှင့်အတူ ဖော်ဆောင်တော့မည်ဖြစ်ပြီး ပြည်သူများ အချိန်မီပြင်ဆင်နိုင်ရန် တီးတိန်မြို့နယ်ကောင်စီက ဇန်နဝါရီလ ၁၄ ရက်က အသိပေးထုတ်ပြန်ထားသည်။

ICNCC နှင့် ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သည့် PDF - Zoland/ ZFU ကလည်း တီးတိန်မြို့နယ်ကို စစ်ကောင်စီတပ်ဖြစ်စေ၊ CNF အပါအဝင် PDA - တီးတိန်ဖြစ်စေ တားမြစ်ထားမှုကြားက ဝင်ရောက်လာပါက တိုက်ထုတ်သွားမည်ဟု ဇန်နဝါရီလ ၁၄ ရက်က ထုတ်ပြန်ထားသည်။

တီးတိန်မြို့နယ်တွင် ဆိုင်းဇန်၊ တေဇန်၊ တာဒို၊ ခေါနူး၊ စီးယင်း၊ ဟွာလ်ငို၊ ငွန်၊ ဇို၊ ဒိမ် စသည့် မျိုးနွယ်စုများ ဒေသအလိုက်နေထိုင်ကြပြီး ဇိုမီးချင်း သို့မဟုတ် တီးတိန်ချင်းဟူ၍ လူသိများကြသည်။

တီးတိန်မြို့နယ်အတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော PDA - Tedim ၊ PDF - Zoland၊ CDF - CDM Siyin၊ Hualngoram – CDF တို့သည် စစ်အာဏာရှင်တော်လှန်ရေးအတွက် စစ်ကောင်စီကို တိုက်ခိုက်နေကြပြီး စစ်ကောင်စီကို တိုက်ခိုက်ခြင်းမပြုသော ZRA – EC တပ်ဖွဲ့လည်းရှိသည်။

PDA - Tedim ၊ CDF - CDM Siyin ၊ Hualngoram – CDF တပ်ဖွဲ့များသည် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင်ထားသော ချင်းကာကွယ်ရေးတပ်ဖွဲ့များဖြစ်ပြီး PDF - Zoland မှာ ICNCC၊ ချင်းညီနောင်အဖွဲ့ (CB) နှင့် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်နေသည့် အဖွဲ့ဖြစ်သည်။

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...