ရှမ်းတောင် စစ်ရှောင် ၂ သောင်းကျော်အတွက် အရေးပေါ် အကူအညီ လိုအပ်နေ

ရှမ်းတောင် စစ်ရှောင် ၂ သောင်းကျော်အတွက် အရေးပေါ် အကူအညီ လိုအပ်နေ

ရှမ်းပြည်တောင်ပိုင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် အယောက် ၂ သောင်းကျော်အတွက် အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟု ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

ရှမ်းပြည်တောင်ပိုင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်ဦးရေ ၆ သောင်းခွဲကျော်ရှိပြီး ၎င်းတို့အနက် ၃ ပုံ ၂ ပုံခန့်မှာ စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများ လိုအပ်နေကြခြင်း ဖြစ်သည်။

ရှမ်းတောင်ဒေသအတွင်း စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ပေးနေသည့် ပအိုဝ်းအမျိုးသားတစ်ဦးက “မဲနယ်တောင် လုံးဟီးဘက်မှာ တိုက်ပွဲဖြစ်ကတည်းက ရောက်လာတာဆိုတော့ တစ်နှစ်လောက်ရှိပြီလေ။ ကယားဘက်က လာတာတွေလည်း ၃ နှစ်ကျော်ပြီ။ ကြားထဲက အလုပ်လည်းမရှိ။ အလုပ်ကိုင်လေးရမှပဲ သူတို့ စားဝတ်နေရေး ပြေလည်မှာပါ။ ကြာပြီဆိုတော့ အလှူရှင်တွေလည်း နည်းပြီလေ” ဟု ပြောသည်။

စစ်ဘေးရှောင်များမှာ ကရင်နီပြည်အတွင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စတင်ခဲ့သည့် တစ်လေးလုံး စစ်ဆင်ရေးနှင့် ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ၌ ၂၀၂၄ ခုနှစ် ဇန္နဝါရီလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် တိမ်းရှောင်လာရခြင်း ဖြစ်သည်။

စစ်ဘေးရှောင်များမှာ တောင်ကြီး၊ ညောင်ရွှေ၊ ပင်လောင်း၊ ကလော စသည့်မြို့နယ်များနှင့် တောတောင်များထဲတွင် ခိုလှုံနေကြပြီး တောတောင်များ၌ နေထိုင်ကြသူများမှာ စားဝတ်နေရေးအတွက် ဟင်းသီးဟင်းရွက်များ ခူးရောင်းပြီး ရှာဖွေလုပ်ကိုင် စားသောက်နေကြရသည်ဟု နီးစပ်သူများက ပြောဆိုသည်။

စစ်ရှောင်များကို ကူညီပေးနေသူတစ်ဦးက “တချို့က ကုန်စိမ်းရောင်းတဲ့နား နေ့စားလိုက်ကြတာပေါ့။ ပေးသလောက်ပဲ ယူကြတာပေါ့။ စစ်ရှောင် အလုပ်မရှိဆိုတာသိတော့ ဈေးနှိမ်တယ်လေ။ စခန်းတွေမှာလည်း ထမင်းတစ်နပ် လျှော့စားနေရတယ်” ဟု ဆက်ပြောသည်။

အလားတူ ပင်လောင်းမြို့နယ် တောင်ပိုင်းတွင်လည်း ရေရှားပါးလာသည်ဖြစ်ရာ ဝါလီး၊ ဆောင်းပြောင်း၊ ထီဗွား၊ လိန့်ညား စသည့်ကျေးရွာများတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များအတွက် သောက်သုံးရေခက်ခဲသည့် ပြဿနာနှင့် ရင်ဆိုင်နေကြရသည်။

သောက်သုံးရေအတွက်လည်း ပေပါပုံးတစ်ပုံးလျှင် ၃,၀၀၀ ကျပ် ပေးဝယ်နေရပြီး ရေမသန့်ရှင်းမှုကြောင့် ကလေးအချို့မှာ အရေပြားယားယံခြင်းနှင့် ဝမ်းရောဂါများ ဖြစ်ပွားနေကြသည်ဟု ကူညီဆောင်ရွက်ပေးနေသူများက ဆိုသည်။

ပင်လောင်းမြို့နယ် တောင်ပိုင်းတွင် စစ်ရှောင်နေရသည့် အသက် ၄၀ အရွယ် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက “ဒီနှစ်က ရေတော်တော်ရှားတယ်။ နွေတောင်မရောက်သေးဘူး။ မိုးရေလှောင်ထားတာ ကုန်ပြီလေ။ တစ်ပေပါဝယ်ရင် မိသားစုလိုက်ဆို တစ်ရက်တောင်မခံဘူး။ ရေသပ်သပ် လှူပေးတဲ့သူ ရှိစေချင်တယ်။ ရေနဲ့ရိက္ခာက အဓိကပဲ” ဟု ပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်းအတွင်း ခိုလှုံနေကြသည့် စစ်ဘေးရှောင်များမှာ တောင်ကြီးမြို့နယ်တွင် အများဆုံးနေထိုင်ကြပြီး လက်ရှိ ဆောင်းရာသီကာလ၌ အအေးဒဏ်ကြောင့် ဝမ်းရောဂါများ ဖြစ်နေကြသည်ဟု ဆိုသည်။

သို့ဖြစ်ရာ တောင်ကြီးမြို့နယ်ရောက် စစ်ဘေးရှောင်များအတွက်လည်း ဆေးအကူအညီနှင့် အနွေးအထည်များ၊ စောင်များ လိုအပ်လျက်ရှိသည်။

ရှမ်းပြည် တောင်ပိုင်းရောက် စစ်ဘေးရှောင်များအား စစ်ကောင်စီလက်အောက်ခံ ထွေ/အုပ်ဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့များက မကြာခဏ ရှောင်တခင် ဧည့်စာရင်းစစ်ခြင်း၊ အလှူခံပစ္စည်းများအပေါ် ခေါင်းပုံဖြတ်ခြင်း၊ ဖိအားပေး နေရပ်ပြန်ခိုင်းခြင်းများ လုပ်နေကြသည်ဟု စစ်ရှောင်များက ဆိုသည်။

AA Info Desk (ပုံဟောင်း)
January 21, 2026
မြန်မာနိုင်ငံတစ်ဝန်း တစ်နှစ်အတွင်း အမျိုးသမီး ၈၀၀ နီးပါး သေဆုံးခဲ့ပြီးနောက် စစ်ကော်မရှင်တပ်၏...
စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုကွန်ရက် (ဖားကန့်မြို့နယ်)
January 20, 2026
မြစ်ဆုံစီမံကိန်းအား စစ်ကော်မရှင်က ပြန်စတင်ရန် ကြိုးပမ်းမှုမှာ တရုတ်၏ ထောက်ခံမှုရယူရန် နိုင်ငံရေး...
January 19, 2026
ကရင်နီပြည်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထောင်ဖောက်ပြေးခဲ့သည့် စစ်ကော်မရှင် စစ်သုံ့ပန်း ၈၀...
January 16, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ဒုတိယပိုင်းအတွင်း မဲရုံများနှင့် အုပ်ချုပ်ရေးရုံးများ...