စစ်ရှောင်များအတွက် နိုင်ငံတကာအကူအညီများကို ပြည်သူ့စစ်က ထိန်းချုပ်ဖြတ်ယူဟု ပအိုဝ်းလူငယ်အဖွဲ့ပြော

စစ်ရှောင်များအတွက် နိုင်ငံတကာအကူအညီများကို ပြည်သူ့စစ်က ထိန်းချုပ်ဖြတ်ယူဟု ပအိုဝ်းလူငယ်အဖွဲ့ပြော

ရှမ်းပြည်နယ် တောင်ပိုင်းရှိ စစ်ရှောင်များအတွက် နိုင်ငံတကာမှ ပေးပို့သည့် လူသားချင်းဆိုင်ရာ ကူညီထောက်ပံ့မှုများကို စစ်ကောင်စီနှင့် အသွင်ပြောင်း ပြည်သူ့စစ်များက ထိန်းချုပ်ကာ ၁၅ ရာခိုင်နှုန်းခန့် ဖြတ်ယူထားသည်ဟု ပအိုဝ်းလူငယ်အဖွဲ့ (Pa-O Youth Organization - PYO) ဒု-ဥက္ကဋ္ဌ ခွန်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း အဆိုပါ ရှမ်းပြည်နယ် တောင်ပိုင်းဒေသတွင် နိုင်ငံတကာမှ ပေးပို့သည့် စစ်ရှောင်များအတွက် အကူအညီများကို စစ်ကောင်စီနှင့် အသွင်ပြောင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက အခွန်ကောက်ခြင်းနှင့် အခြားသောစရိတ်များ တောင်းခံခြင်း၊ ၎င်းတို့ ထိန်းချုပ်မှုအောက်မှသွားရန် စသည်ဖြင့် ပြုလုပ်နေခြင်းဖြစ်သည်ဟု PYO က ပြောသည်။

“ပထမတစ်ခုကတော့ ဂိတ်ဖြတ်တဲ့ကြေးတွေ ဖြစ်ပါတယ်။ ကျနော်တို့ ဒဏ်ငွေဆောင်ရတာတွေလည်း ရှိတယ်။ သယ်လာတဲ့ပစ္စည်းတွေအပေါ်မှာ မူတည်ပြီးတော့ ပေးရတဲ့ပုံစံ မျိုးစုံရှိပါတယ်။ ဒုတိယက သူတို့ရဲ့ ခွင့်ပြုချက် ခွင့်ပြုမိန့်ကို ယူတဲ့အချိန်မှာလည်း ကုန်ရတဲ့ စရိတ်တွေလည်းပါတယ်။ နောက်တစ်ခုကတော့ သူတို့ရဲ့ ထိန်းချုပ်မှုအောက်ကနေ သွားရမယ်၊ အဲ့တော့ သူတို့ ပို့ခြင်တဲ့နေရာကိုပဲ ပို့ရတယ်။ တချို့နေရာတွေဆို သူတို့ ပို့ခွင့်မပေးတာတွေလည်း တွေ့ရတယ်” ဟု PYO ဒု-ဥက္ကဋ္ဌ ခွန်ဦးက ပြောသည်။

ထို့အပြင် ၂၀၂၄ ခုနှစ် အချို့ဒေသရှိ စစ်ရှောင်များထံ အကူအညီပေးပို့မည်ဆိုပါက အသွင်ပြောင်း ပြည်သူ့စစ်တပ်ဖွဲ့ ဝင် ၁၅၀ ဦးအတွက် ခွဲတမ်းပေးမှသာ ပေးပို့ခွင့်ပြုခဲ့ခြင်းများ ကြုံတွေ့ခဲ့ရသည်ဟု PYO က ပြောသည်။

ယခုလို နိုင်ငံတကာမှ ပေးပို့သည့် လူသားချင်းစာနာမှု အကူအညီများကို ထိန်းချုပ်၊ အမြတ်ယူမှုများ ဖြစ်ပေါ်နေသည့်အပေါ် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီနှင့် ဆက်လက်တွဲလုပ်ဆောင်ရန် မသင့်ဟု ရှမ်းလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ - SHRF ပြောရေးဆိုခွင့်ရှိသူ ယိန်းလျန်းဟန်က မှတ်ချက်ပြုပြောသည်။

၎င်းက “နိုင်ငံတကာအဖွဲ့အစည်းအနေနဲ့ စစ်ကောင်စီတပ်အနေနဲ့ ဘယ်လိုအကြောင်းပြချက်နဲ့မှ ပူးပေါင်းပြီးလက်တွဲလုပ်ဖို့ မသင့်တော်တော့ဘူးလို့ ထင်တယ်။ လက်ရှိအချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်တွေကလည်း နယ်မြေတွေမှာ နယ်မြေထိန်းချုပ်မှုတွေရှိနေပြီး အကူအညီတွေကို စစ်ကောင်စီကနေတစ်ဆင့် ကူညီပြီး နယ်စပ်ဖြတ်ကျော် ကူညီတာတွေကို သေသေချာချာလေး စဉ်းစားဖို့လိုနေပြီ” ဟု သူမက ကေအိုင်စီသို့ ပြောသည်။

လက်ရှိတွင်လည်း ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ဘေးရှောင်များအနေဖြင့် စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့်နေရာများတွင် နေထိုင်ခွင့် ပိတ်ပင်ခံရခြင်းများရှိနေပြီး တချို့နေရာများတွင် နေရပ်ပြန်နေ၍ရသော်လည်း နေအိမ် ပျက်စီးဆုံးရှုံးနေ၍ အကူအညီများ လိုအပ်မှုများလည်း ဖြစ်ပေါ်နေသည်ဟု PYO က ပြောသည်။

ထို့အပြင် တချို့နေရာများတွင် စစ်ကောင်စီက အတင်းအဓမ္မ နေအိမ်သို့ ပြန်လာနေခိုင်းပြီး ပြန်မလာပါက အိမ်ကို ချိတ်ပိတ်သိမ်းမည်၊ ပစ္စည်းသိမ်းမည်ဆိုသော ဖိအားပေး ခြိမ်းခြောက်ခံရမှုများ ရင်ဆိုင်နေရသလို စစ်ဘေးရှောင် ဒေသခံများအနေဖြင့် မိုင်းအန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့နေကြပြီး အမျိုးမျိုးသော အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု PYO က ထုတ်ပြန်ပြောဆိုထားသည်။

၂၀၂၅ ဇန်နဝါရီ ဒုတိယပတ်အထိ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ပင်လောင်း၊ မောက်မယ်နှင့် ဖယ်ခုံ စသည့်မြို့နယ်များတွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား မြေပြင်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သည်။

အရပ်သားနေအိမ်နှင့် ကျေးရွာများသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ ဖြစ်ပေါ်နေဆဲဖြစ်သည်ဟု PYO ထံမှ သိရသည်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...