ဖားကန့် နွံကန်ပြိုကျမှု နေအိမ်ပျက်စီးမှုနှင့် အရပ်သား သေဆုံးထိခိုက်မှု များပြား

ဖားကန့် နွံကန်ပြိုကျမှု နေအိမ်ပျက်စီးမှုနှင့် အရပ်သား သေဆုံးထိခိုက်မှု များပြား

ဖားကန့်မြို့ နယ်၊ ဆိုင်းတောင် (ဆိပ်မူအုပ်စု) ရှိ စပေါ့ကျေးရွာမှာ နွံကန်ကြီးပြိုကျမှုကြောင့် နေအိမ် ၅၀ ခန့် ပါသွားပြီး လူအသေအပျောက်များခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်း ၁ နာရီခွဲလောက်မှာ စပေါ့ကျေးရွာရှိ မြေစာပုံလောင်းချရာ နွံကန်ကြီး ပေါက်ကျပြီး နေအိမ် ၅၀ ခန့် မြေပိသွားကာ သေဆုံးရုပ်လောင်း ၁၂ လောင်း ရှာဖွေတွေ့ရှိထားပြီလို့ ဒေသခံအမျိုးသမီးတစ်ဦးက KNG ကို ပြောပါတယ်။

“အချိန်က ၁ နာရီခွဲလောက်မှာ ဖြစ်သွားတာ။ ရွာနေရာပါ။ အိမ်ခြေ လေးငါးဆယ်လောက်ပါသွားတယ်။ လူက အရမ်းများတယ်ဆိုတော့ အခုထိ အတိအကျ မသိသေးဘူး။ အခု ဆယ်ရထားတာက ၁၂ လောင်းရှိပြီ။ မိသားစုလိုက် ဖေါ်မရသေးတာတွေလည်း အများကြီးရှိသေးတယ်။ ဒီမနက် တွေ့ထားတဲ့ အလောင်းထဲမှာ သားအမိ ၃ ဦးပါတယ်” လို့ စပေါ့မှော်အနီး နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်အထိတော့ လူသေအလောင်း ၁၂ လောင်း ရှာဖွေတွေ့ရှိထားပြီး သေဆုံးသူတွေထဲမှာ လူကြီး ၉ ဦး ကလေး  ၃ ဦး ပါဝင်တယ်လို့ သူက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ မိသားစုလိုက်ပါဝင်သလို ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးရုံတင်ထားရတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာတော့ ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ KIO က ဦးဆောင်ပြီး ကယ်ဆယ်ရေးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“အခုက နွံ၊ မြေတွေကို ဘေးကနေ ဘတ်ဖောတွေနဲ့ အရင် တစ်ဆင့်ပြီးတစ်ဆင့် ဖယ်ရှားပြီး ရှင်းလင်းရေးလုပ်နေတယ်။ ဒီနွံကန်အိုင်က ဆက်မလုပ်သင့်တော့တဲ့ထဲမှာ ရှိနေပြီ။ အဲဒါကို ဆက်လုပ်တော့ နွံကန်အိုင်က အောက်ကနေ ပေါက်ကျလာတော့ဒါပဲ။ အခု ဒါတောင် မိုးတွင်းမဟုတ်လို့ တစ်ရွာလုံး မမြုပ်သွားတာ။ ပြီးရင် ရေက အဲလောက်မပါလို့ လုပ်ကွက် ကုမ္မဏီတွေရဲ့ ဘေးပတ်ဝန်းကျင်ပဲ ပါသွားတာ။ ရေသာပါပြီး ပေါက်ထွက်လို့ကတော့ တစ်ရွာလုံး ပါသွားပြီ” လို့ သူမက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ၊ ဒီဇင်ဘာလ လောက်ကစပြီး ဒီ နွံကန်ကြီးကို ပြိုကျမှာကို ဒေသခံတွေ စိုးရိမ်နေခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ လုပ်ငန်းရှင်တွေ ကျေးရွာတာဝန်ရှိသူတွေက မြေစာ မရပ်မနား လောင်းထည့်ပြီးနောက် နွံကန် ပိလာပြီး အောက်ကနေ ပေါက်ထွက် ပြိုကျလာခြင်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မိုးတွင်းကာလ ဖားကန့်ဒေသမှာ ရေကြီးရေလျှံမှုတွေကြောင့် နေအိမ်တွေ အများအပြား ဆုံးရှုံးလိုက်ရကာ ကျောက်စိမ်းလုပ်ကွက်တွေနဲ့ နွံကန်တွေ မကြာမခဏ ပြိုကျမှုတွေကြောင့် လူသေဆုံးမှုဖြစ်စဉ် မကြာမခဏ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

Most read this week

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...