ကန်ပက်လက်မြို့ သိမ်းပိုက်နိုင်ပြီဟု ချင်းတော်လှန်ရေးတပ်ဖွဲ့များ အတည်ပြု

ကန်ပက်လက်မြို့ သိမ်းပိုက်နိုင်ပြီဟု ချင်းတော်လှန်ရေးတပ်ဖွဲ့များ အတည်ပြု

ချင်းပြည်နယ် တောင်ပိုင်း၊ ကန်ပက်လက်မြို့ကို ချင်းတော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့နှင့် ကန်ပက်လက်ကောင်စီထံမှ သိရသည်။

ကန်ပက်လက်မြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့သည် ပြည်သူများ၏ ညှိနှိုင်းပေးမှုကြောင့် ဒီဇင်ဘာလ ၂၁ ရက် ည ၁၂ နာရီခန့်တွင် ကန်ပက်လက်မြို့ကို စွန့်စွာသွားသည်ဟု ကန်ပက်လက်ကောင်စီနှင့် CDF - ကန်ပက်လက်တပ်ရင်း - ၇ တို့က သတင်းထုတ်ပြန်သည်။

ကန်ပက်လက်မြို့ကို ကန်ပက်လက်ပြည်သူများမှ ပြန်လည်ထိန်းချုပ်ပြီးဖြစ်ကြောင်း၊ ပြည်သူများ ပူးပေါင်းပါဝင်မှုအကျိုးသည် ဒီဇင်ဘာလ ၂၂ ရက်တွင် သက်သေထူခဲ့ပြီဖြစ်ကြောင်း ကန်ပက်လက်ကောင်စီ၊ သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ဆိုသည်။

ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ကန်ပက်လက်မြို့ကို ချင်းညီနောင်နှင့် မဟာမိတ်အဖွဲ့များက ဝင်တိုက်ရန် ဆောင်ရွက်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စခန်းစွန့်ခွာထွက်ပြေးသွားခြင်းဖြစ်သည်ဟု ချင်းညီနောင်အဖွဲ့ကလည်း ပြောသည်။

“ကျနော်တို့ ကန်ပက်လက်ကို တိုက်ဖို့ ချဥ်းကပ်ထားပြီး၊ ပြင်ဆင်တာတော့ ကြာပြီ။ ဒီဇင်ဘာ ၂၁ ရက်ညမှာ ဝင်တိုက်ဖို့လုပ်နေတုန်းမှာ စကစတွေ စွန့်ခွာထွက်ပြေးသွားတာပါ။ အခုပြေးသွားတဲ့ စကစတွေနောက် လိုက်နေပါတယ်။ ကျနော်တို့ တရားဝင် သတင်းမထုတ်ပြန်သေးပါဘူးခင်ဗျ။ မကြာခင် တရားဝင်ထုတ်ပြန်ဖို့ ရှိပါတယ်” ဟု ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။

ကန်ပက်လက်မြို့နယ်ထဲက ကျင်ဒွေး မြို့သိမ်းစစ်ဆင်ရေး ၁ နှစ်ပြည့်ချိန်တွင် ကန်ပက်လက် မြို့သိမ်းစစ်ဆင်ရေးကို ဒီဇင်ဘာလ ၂၂ ရက်မှာ စတင်ပြီဖြစ်ကြောင်း ပြည်သူလူထုကို ချင်းညီနောင်အဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

“မနက်က ကန်ပက်လက်မြို့ပေါ်က ထိတွေ့တိုက်ပွဲဖြစ်တဲ့ အသံတွေ ကြားရတယ်။ ဆောလောင်းရွာအနီးမှာလည်း တူပီးတပ်ရင်းနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတယ်” ဟု ကန်ပက်လက် ဒေသခံတဦးကလည်း ပြောသည်။

ချင်းညီနောင်နှင့် မဟာမိတ်တပ်များသည် မင်းတပ်မြို့၏ နောက်ဆုံးလက်ကျန် ခလရ ၂၇၄ ကို သိမ်းပိုက်လိုက်ပြီး မြို့ကို ထိန်းချုပ်နိုင်ပြီဟု ဒေသခံများနှင့် သတင်းရင်းမြစ်တချို့ကက ပြောဆိုသော်လည်း ချင်းညီနောင်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ချင်းညီနောင်အဖွဲ့သည် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၉ ရက်မှ ယနေ့အထိ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သိရသည်။

၂၀၂၃ ဒီဇင်ဘာလ ၂၂ ရက်မှာ ကျင်ဒွေးမြို့သိမ်းစစ်ဆင်ရေးကို CDF - ကန်ပက်လက်က စတင်ခဲ့ပြီး ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်တွင် ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ပြောင်းလဲသတ်မှတ်ကာ ULA/AA ၏ စစ်ရေးဦးဆောင်မှုဖြင့် တိုက်ခိုက်ခဲ့ရာ ဧပြီလ ၂၉ ရက်တွင် အပြီးသတ် သိမ်းနိုင်ခဲ့သည်ဟု သိရသည်။

ချင်းပြည်နယ်တွင် မတူပီမြို့နယ်၊ တွန်းဇံမြို့နယ်၊ ကျီခါးမြို့၊ ရိဒ်ခေါ်ဒါရ်မြို့၊ လိုင်လင်းပီမြို့၊ ကျင်ဒွေးမြို့၊ မကွီးအိမ်နူးမြို့၊ နှာရိန်မြို့၊ ရေဇွာမြို့၊ ဝေဘူလမြို့၊ ဆူခွာမြို့တွေကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားပြီး ပလက်၀မြို့နယ်ကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားသည်။

March 26, 2026
ချင်းပြည်နယ်၊ လောက်တူဒေသအတွင်း လုံခြုံရေးအတွက် ညအိပ်အခြေပြုသည့် ဧည့်သည်များ ရောက်လာကပါက...
March 25, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်တွင် စစ်မှုထမ်းမူဝါဒကို လက်ရှိ စတင်အကောင်အထည်ဖော်...
March 24, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ရွေးကောက်ပွဲများအလွန် ချင်းပြည်နယ်လွှတ်တော်တွင် ဟားခါးမှာ စစ်ရာဇဝတ်မှု...
March 23, 2026
မီဇိုရမ်ပြည်နယ်တောင်ပိုင်း ရှာဟာခရိုင် (Siaha District) မှ မြန်မာနိုင်ငံဘက်သို့ စက်သုံးဆီ...